Wednesday, April 13, 2022

ဒီတော်လှန်ရေး ရှုံးနိမ့်သွားရင် အားလုံး ခွေးဖြစ်ကြမှာ

 

“ဘူးသီးသီးမှ အရီးမတော်ချင်နဲ့”

နိုင်မယ်ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မယ် ဆိုပြီး ကြိုးစားကြရင်း ဒီအခြေအနေထိ ရောက်လာခဲ့တာ ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ အချက်တွေထဲက တစ်ခုကတော့ ဘူးသီးသီးမှ အရီးတော်သလို မဖြစ်စေရဘူး ဆိုတာပဲ။
 
စကားပုံရဲ့ အဓိပ္ပါယ်ကို ပြောရရင် တစ်ခုခု အောင်မြင်အောင် လုပ်နေတုန်း၊ ကြိုးစားနေတုန်းမှာ ဘယ်ဆီနေမှန်း မသိဘူး၊ ဝင်မပါဘူး၊ ရပ်ကြည့်နေတယ်၊ အောင်မြင်သွားပြီဆိုမှ ကိုယ်နဲ့ ဆိုင်သလိုလို၊ ကိုယ်ပဲ ဝင်ကူခဲ့သလိုလို လုပ်တာမျိုးပေါ့။ ဘဝပျက်နေတုန်းက နှိမ်ခဲ့တယ်၊ သူ့ဟာသူ ကြိုးစားလို့ အောင်မြင်သွားပြီဆိုမှ အဲဒါ ငါ့တူလေ၊ ငါ့ညီမဝမ်းကွဲလေ ထလုပ်ကြသလိုမျိုး။
 
အဲ့တော့ ဒီတော်လှန်ရေးမှာ ငါ ဘယ်တော့မှ အဲ့လိုမဖြစ်စေရဘူးလို့ တွေးထားတယ်။ ဘူးသီးသီးတဲ့ ဖြစ်စဉ်မှာ ငါလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တယ် ဆိုတာမျိုး ဖြစ်စေရမယ်ပေါ့။
 
ကျွန်တော့်အသိတွေ၊ ဆွေမျိုးတွေထဲလည်း ရှိပါတယ်။ လုပ်မနေပါနဲ့၊ နင်တို့ပဲ ဘဝပျက်တာ အဖတ်တင်မယ်၊ နောက်ဆုံးကျ စစ်တပ်ပဲ နိုင်သွားမှာ ဆိုတာမျိုး ပြောနေကြတာ။ ပုစ္ဆာအဟောင်းမို့ အဖြေအဟောင်းပဲ ထွက် မယ် ထင်နေကြတယ်။ တကယ်တော့ မတရား အာဏာသိမ်းခံရတယ် ဆိုတာချင်းသာ တူတာ။ ပုစ္ဆာက အသစ် ဖြစ်သလို၊ အဖြေကလည်း အသစ်ဖြစ်ဖို့ ဦးတည်နေပြီ။ ခြေဗလာ၊ လက်ဗလာနဲ့ စခဲ့တဲ့ တော်လှန်ရေး ဟာ တစ်နှစ် ကျော်ကာလမှာ ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲ စဉ်းစားကြည့်။
 
နိုင်ပါ့မလားဆိုပြီး ဦးနှောက်နဲ့သာ စဉ်းစားခဲ့ကြရင် ဒီနေရာထိ ရောက်မလာပါဘူး။ တူမီးနဲ့ စခဲ့တယ်လို့သာ ပြောကြတာ။ တကယ်တော့ ဒိုင်းကာတွေ၊ Helmet တွေနဲ့ စခဲ့ရတဲ့ တော်လှန်ရေးပါ။ စစချင်းကဆို ဘယ်မလဲ NUG ၊ ဘယ်မလဲ PDF ၊ ဘယ်မလဲ Click လုပ်ပြီး ငွေရှာတာတွေ။ ပြောရရင် နိုင်မယ်ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မယ် ဆိုပြီး ကြိုးစားကြရင်း ဒီအခြေအနေထိ ရောက်လာ ခဲ့တာ ဖြစ်တယ်။
 
အဲ့တော့ အခု ဘူးသီးသီးပြီလားဆို မသီးသေးပါဘူး။ သီးဖို့ အလားအလာတွေ အများကြီး ရှိလာပြီ ဆိုပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်လျှောက်ရမဲ့ ခရီးက မိုင်တိုင်တွေ ကျန်သေးတယ်။ ဒါကြောင့် ခုထိ ဘာမှ ဝင်မပါရ သေးဘူး ဆိုတဲ့သူတွေကို တိုက်တွန်းချင်တာက ဘူးသီးသီးအောင် တစ်ခုခု ဝင်လုပ်ပေးပါ၊ အချိန်မနှောင်း သေးဘူး ဆိုတာပါပဲ။
 
ဒီတော်လှန်ရေး ရှုံးနိမ့်သွားရင် အားလုံး ခွေးဖြစ်ကြမှာပဲဗျာ။ နိုင်သွားရင်လည်း အားလုံး အကျိုးခံစားရမှာပဲ။ ဘာလို့ မဆိုင်သလို ဘေးထွက်ထိုင်ပြီး ကိုယ်ကျိုးပဲ ကြည့်နေမလဲ။
 
ကျွန်တော်ကျင်လည်ခဲ့တဲ့ နယ်ပယ်တွေနဲ့ပဲ ပြောပြမယ်။ Trainer တွေ၊ Public Speaker တွေ ရှိတယ်။ ဆရာတို့၊ ဆရာမတို့ကို လေးစားလှချည်ရဲ့ ဆိုတဲ့ လူငယ်ပေါင်းများစွာ အခု ဒုက္ခရောက်နေတယ်၊ အနာဂတ်တွေ မဲ့နေတယ်။ အင်တိုက်အားတိုက် အသက်ပေးတဲ့သူက ပေးလို့ ကြိုးစားနေကြတယ်။ အဲ့အချိန်မှာ မဆိုင်သလို နေနေပြီး အောင်မြင်သွားတဲ့အခါကျမှ “လူငယ်တွေကို ကျွန်တော်/ ကျွန်မ ပြောပြချင်တာက အိပ်မက် ကြီးကြီးမက်ပါ ကြိုးစားပါ” ဘာညာ စင်ပေါ်တက် ပြောကြဦးမှာလား။ စင်​အောက်က မျက်လုံး​တွေကို စေ့​စေ့ကြည့်ရဲပါ့မလား။ အဲ့လိုပဲ။ စာပေလောက။ စစ်အာဏာရှင်တွေ နိုင်သွားရင် စာပေစိစစ်ရေး ပြန်အသက် ဝင်လာမယ်။ 
 
နောက်ဆက်တွဲ ဘာတွေ ဖြစ်မယ်ဆိုတာကတော့ ကျွန်တော့်လို စာရေးသက် ဘယ်လောက်မှ မရှိသေးတဲ့သူက ဆရာတို့၊ ဆရာမတို့ကို ရှင်းပြနေစရာ လိုမယ် မထင်ဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း စစ်အစိုးရ မကောင်း ကြောင်း၊ ဗိုလ်ချုပ်နဲ့ အန်တီစု ကောင်းကြောင်း စာပေဟောပြောပွဲတွေမှာ မပြောဖူးတဲ့ စာရေးဆရာဆိုတာ လက်ချိုး ရေလို့တောင် ရတယ်။ 
 
အခုလည်း ဆရာမောင်သာချိုတို့လို စာရေးဆရာကြီးတွေဟာ မတရား ဖမ်းဆီးခံထားရတယ်။ ဒီလိုအချိန်မှာ ကိုယ်တွေလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်သင့်တယ် မထင်ဘူးလား။ နောင်တစ်ချိန် ကိုယ် တစ်ပြား သားမှ ဝင်မပါခဲ့ဘဲ ရလာတဲ့ လွတ်လပ်စွာ ဖန်တီးရေးသားခွင့်တွေနဲ့ ရေးသားရမှာ၊ စာအုပ် ထုတ်ရ မှာကို အားနာစိတ် မဖြစ်ဘူးလား။
 
စွန့်ဦးတီထွင် ဆိုသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ နောင်ကျမှ ပွဲတွေ လုပ်၊ NUG က ဝန်ကြီးနဲ့ မရမက အတင်းတွေ ဓါတ်ပုံတွဲရိုက်ပြီး Personal Branding တွေ လုပ်မဲ့အစား ခုကတည်းက ဝင်ကူညီတာ ပိုကောင်း တာပေါ့။ အနုပညာရှင်တွေ၊ Social Influencer ​တွေ၊ Blogger ​တွေ၊ တခြားတခြားသော နယ်ပယ်က လူပုဂ္ဂိုလ် အသီးသီးလည်း စဉ်းစားကြည့်။
 
ဘူးသီးသီးတော့မှာမို့လို့ လူဆဲမခံရအောင် အချိန်မီ ဝင်ပါကြဖို့ ပြောနေတာ မဟုတ်ဘူး။ ငါတို့က နိုင်ခြေပိုရှိလို့ ဒီဘက်ကို ယိမ်းဖို့ ဆွယ်နေတာလည်း မဟုတ်ဘူး။ အပေါ်မှာ ရေးခဲ့သလို ဒီတော်လှန်ရေးက ဦးနှောက်နဲ့ တွက်ချက်စဉ်းစားခဲ့သူတွေချည်းသာဆို ဖြစ်လာစရာ အကြောင်းကို မရှိသလို၊ အဲ့လို လူတွေကိုလည်း မလို အပ်ဘူး။ ဘွန်းဝယ်ပါဆို NUG မနိုင်ရင် ဆုံးမှာ​ပေါ့ ပြန်​ပြောတဲ့သူ​တွေကိုလည်း ကျွန်​တော်တို့ မလိုချင်ဘူး။
အဓိကက ရှက်တတ်စေချင်တာ။ တာဝန်ယူတတ်စေချင်တာ။ ထမင်းစားရေသောက်လို ပြောနေတဲ့ Responsibility တို့ Ethic တို့ကို ကိုယ်တိုင်လက်တွေ့ ကျင့်သုံးစေချင်တာ။
 
ပြည်တွင်းပြည်ပ တောရောမြို့ပါမကျန် တခြားလူတွေက တာဝန်ကိုယ်စီယူပြီး အင်တိုက်အားတိုက်နဲ့ ကြိုးစားနေချိန်မှာ မဆိုင်သလို ဘေးထွက်ထိုင်နေတာကို ရှက်တတ်စေချင်တယ်။ အသီးအပွင့် ရလာပြီဆိုမှ ဝင်ခံစားမယ် ဆိုတာကြီးကို အားနာတတ်စေချင်တယ်။ ဘူးသီးသီးမှ အရီးတော်ရတာကြီးကို လိပ်ပြာမလုံ ဖြစ်စေချင်တယ်။ ဒါမှလည်း လူပီသမှာကိုး။
 
ဘယ်လိုရလဒ် ထွက်လာမယ် ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးဘူး။ ပြောခဲ့ပြီးသလို “ကျွန်တော်တို့က နိုင်မယ် ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မှာ” ။ ဒီအတွက် ဦးနှောက်နဲ့ အကျိုး အမြတ် တွက်ချက်စဉ်းစားနေတဲ့သူတွေထက် နှလုံးသားနဲ့ တိုက်မဲ့လူတွေ လိုတယ်။ တစ်နည်းအားဖြင့် ရှက်တတ်တဲ့၊ အားနာတတ်တဲ့၊ တာဝန်ယူတတ်တဲ့သူတွေ လိုပါတယ်။
 
ဒါကြောင့် ဘူးသီးသီးမှ အရီးမတော်ချင်ပါနဲ့ခင်ဗျာ။ ဘူးသီးသီးလာဖို့ အားလုံးဝိုင်းကြိုးစားနေချိန်မှာ အတူပါဝင် ပေးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ (ဒေါက်တာ ဖြိုးသီဟ)

No comments:

Post a Comment

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...