Tuesday, October 4, 2022

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ်...
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ  တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့တပ်ရင်း တပ်ဖွဲ့တွေကို  လှည့်လည်စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို
လိုက်လံ စစ်ဆေးရတဲ့အချက်ကတော့ ၇.၁.၂၀၀၁ ရက်နေ့ တာချီလိတ်မြို့ အို 7 တောင်ကုန်းမှာ မြန်မာ - ထိုင်း ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံစစ်ပွဲကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ မော်လမြိုင် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် (ရတခ)မှာ ညအိပ်ရပ်နားခဲ့ပြီး နောက်တစ်နေ့ (ဖေဖော်ဝါရီလ (၁၉) ရက်နေ့) မနက်စောစောမှာ ကရင်ပြည်နယ်၊ဘားအံမြို့ကို အသွားမှာ ရာသီဥတုဆိုးဝါးလွန်းတာကြောင့် တရုတ်လှကျေးရွာအနီးက သံလွင်မြစ်ထဲကိုထိုးကျပျက်စီးပြီးတပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူအားလုံး(၁၆)ဦးရှိခဲ့ပြီး ဗိုလ်မှူးကြီး(၂)ဦးရဲ့ အလောင်းတွေကိုတော့ လုံးဝရှာမတွေ့ခဲ့ပါဘူး။
၁။ကြည်း /၈၁၈၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
၂။ကြည်း/၁၁၇၁၆ ဗိုလ်ချုပ်စစ်မောင်
၃။ကြည်း/၁၀၃၃၃ဗိုလ်မှူးချုပ်လွန်းမောင်
၄။ကြည်း/၁၁၄၆၇ ဗိုလ်မှူးကြီးဝင်းလှိုင်
၅။ကြည်း/၁၄၇၇၀ဗိုလ်မှူးကြီးလှပိုင်
၆။ကြည်း/၁၈၁၇၁ ဗိုလ်မှူးအောင်ဖုန်းနိုင်
၇။ကြည်း/၂၉၄၇၀ဗိုလ်ခင်မောင်ကျော်
၈။လေ/၁၆၃၃ ဗိုလ်မှူးကြီး တင်ဝင်း
၉။ လေ /၁၈၆၂ ဗိုလ်မှူးစိုးနိုင်
၁၀။လေ/၂၁၇၄ ဗိုလ်ကြီးနေမင်းအောင်
၁၁။လေ/၁၈၄၀၀ တပ်ကြပ် သိန်းထွန်း
၁၂။လေ/၂၂၆၀၄တပ်ကြပ် ထိန်လင်းအောင်တို့ဖြစ်ပြီး...
 

အသက်ရှင် ကျန်ရစ်ခဲ့သူများမှာ -
၁။ ဗိုလ်ချုပ် သန်းမောင် ၂။ဗိုလ်မှူးကြီး လှဌေးဝင်း ၃။ ဒုဗိုလ်မှူးကြီးခင်မောင်မြင့် ၄။ဒုဗိုလ်မှူးကြီးအုန်းလွင် ၅။ ဗိုလ်မှူး ရဲမြင့်ထွန်း ၉။ဗိုလ်အုန်းမြင့် ၁၀။တပ်ကြပ်ကြီး ဝင်းမောင် ၁၁။ တပ်ကြပ် မြတ်ကျော် ၁၂။တပ်ကြပ်မောင်မောင် ၁၃။အရပ်သား ဦးနေစိုးနိုင်တို့ ဖြစ်ပါတယ် )

အဲဒီထိပ်တန်းခေါင်းဆောင်နှစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ရတခတိုင်းမှူး ဗိုလ်ချုပ် သီဟသူရ စစ်မောင်တို့ ဖြစ်ကြပါတယ်။ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးဟာ မဆလခေတ်မှာကတည်းက စစ်ရုံးချုပ်စစ်ဦး စီးဗိုလ်မှူးကြီးအဖြစ်နဲ့ စစ်ဆင်ရေးတော်တော်များများကို ကွပ်ကဲလာခဲ့သူ ဖြစ်တာကြောင့် နဝတ ၊ နအဖခေတ်မှာလည်း တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီး တို့ကိုယ်စား တစ်ပြည်လုံးမှာ ရှိတဲ့ တပ်တွေကို စစ်ရုံးချုပ် ကနေ နေ့စဉ် ကွပ်ကဲ ညွှန်ကြားနေသူ ဖြစ်တယ် ။
 

သူနဲ့အတူ သေဆုံးသွားခဲ့တဲ့ရတခတိုင်းမှူး ဗိုလ်ချုပ်စစ်မောင်ကတော့ သူရ သီဟသူရဆိုတဲ့မြန်မာ့တပ်မတော်ရဲ့ သူရသတ္တိဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တွေကို ရရှိထားတဲ့အပြင် သူသေဆုံးချိန်မှာ အသက်က (၅၀)နှစ်သာ ရှိသေးတဲ့အတွက် အနာဂတ်မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အလောင်းအလျာအဖြစ် သတ်မှတ် လျာထားခံရသူ တစ်ဦးလည်း ဖြစ်ပါတယ် ။

အဲဒီရဟတ်ယာဉ် ပျက်ကျမှုဟာ ရာသီဥတုဆိုးဝါးလွန်းတာကြောင့် ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ နအဖက အဲဒီနေ့ညနေမှာပဲ ချက်ချင်း သတင်း ထုတ်ပြန်ကြေငြာခဲ့ပေမယ့် တပ်တွင်းတပ်ပြင်မှာတော့ ရဟတ်ယာဉ် ပျက်ကျမှု အပေါ် ကြီးမားစေတဲ့ သံသယတွေ ဖြစ်ပေါ်လာခဲ့ပါတယ် ။

စစ်အစိုးရက ရာသီဥတုဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်ပျက်ရပါတယ်ဆိုပြီး သတင်း ထုတ်ပြန်ခဲ့ပေမယ့် ရုရှားနိုင်ငံကတော့ အဲဒီသတင်း ထုတ်ပြန် ချက်ကိုလက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရပါတယ် ။ သူတို့ ရဲ့ MI –17 ရဟတ်ယာဉ်အမျိုးအစားတွေဟာ ကြံ့ခိုင်တဲ့အပြင် ရှရှားနိုင်ငံရဲ့ ဆိုးဝါး လွန်းလှတဲ့ ဆောင်းရာသီမှာတောင် အချိန်မရွေး ပျံသန်းနိုင်အောင် တည်
ဆောက်ထားတာမို့ သူတို့ရဟတ်ယာဉ်ရဲ့ ချို့ယွင်း ချက်ကြောင့်ပျက်ကျတာ လုံးဝမဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရပါတယ် ။
 

စစ်အစိုးရရဲ့ ဒီလို ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် စစ်အစိုးရ အပေါ် ပြည်တွင်းပြည်ပက  ပိုမိုပြီး မယုံသင်္ကာ ဖြစ်နေကြတာ ဖြစ်နိုင် ပါတယ် ။


ဘာကြောင့် သံသယတွေ ဖြစ်ပေါ်ခဲ့ရသလဲဆိုရင် ….???

ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးဟာ ဗိုလ်ခင်ညွန့်ရဲ့ အဓိက ပြိုင်ဘက် တစ်ဦးဖြစ်ခဲ့တဲ့အပြင် ဗိုလ်တင်ဦးကို ပစ်မှတ်ထားခဲ့တဲ့ ဗုံးခွဲလုပ်ကြံမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့တဲ့ သာဓကတွေကြောင့်လည်း အခုလို သံသယဖြစ်မှုတွေ ဖြစ်ခဲ့ရတာကိုး ။
 

ဗိုလ်တင်ဦးဟာ (OTS – 22) ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ခင်ညွန့်ဟာ (OTS – 25)ကျောင်းဆင်းတွေ ဖြစ်ခဲ့တာကြောင့် ဗိုလ်ခင်ညွန့်ထက်စီနီယာကျသူ ဖြစ်ပါတယ် ။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံ ကာလအတွင်းမှာ ဗိုလ်ခင်ညွန့်က စစ်ထောက်လှမ်းရေးအဖွဲ့ကို ဦးစီးကွပ်ကဲပြီး တန်ပြန် အဖျက်အမှောင့်လုပ်ငန်းတွေနဲ့ လူထုအရေးတော်ပုံကြီးကို အတွင်းကနေ ဖြိုခွဲဖို့ ကြိုးပမ်းနေချိန်မှာ စစ်ရုံးချုပ်ရဲ့ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ကို ထမ်းဆာင်နေတဲ့ ဗိုလ်တင်ဦးကလည်း တိုက်ခိုက်ရေးတပ်တွေကို စီမံခန့်ခွဲ ညွှန်ကြားနေပြီး အရေးတော်ပုံကြီးကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲနိုင်ဖို့ ကြိုးပမ်းနေခဲ့သူဖြစ်တယ် ။

သူတို့နှစ်ဦးရဲ့ အကူအညီတွေကြောင့် စစ်တပ်က အာဏာ မြန်မြန်သိမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းအဖွဲ့ နဝတထဲမှာ သူတို့ နှစ်ယောက် စလုံးကို အတွင်းရေးမှူး (၁)နဲ့ (၂)အဖြစ် အရေးပါတဲ့ ရာထူးနေရာ အဆင့်အတန်းတွေကို ခန့်အပ် တာဝန်ပေးခဲ့တာ ဖြစ်တယ် ။ သူတို့နှစ် ယောက်စလုံးဟာ အဲဒီအချိန်ကစပြီး အပြိုင်အဆိုင် တွေ ဖြစ်ခဲ့ပုံရပါတယ် ။
 

၁၉၉၂ ခုနှစ် နောက်ပိုင်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်မောင်အေးနဲ့ သူရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ စစ်ဦးစီးအရာရှိချုပ်၊အထူးစစ်ဆင်ရေးအဖွဲ့မှူးဆိုတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့ ဗိုလ်တင်ဦး ဟာ ဗိုလ်ခင်ညွန့်ထက်စာရင် တစ်ဦးနဲ့ တစ်ဦး ပိုပြီးရင်းနှီး နိုင်ပါတယ် ။
 

ဒါကြောင့် အာဏာသိမ်းခေါင်းဆောင် (ဗိုလ်စောမောင်ကို ဖြုတ်ချခဲ့သူ) တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်သန်းရွှေ မရှိတော့ရင်မြန်မာ့တပ်မတော်မှာ ဗိုလ် မောင်အေးက တပ်ချုပ်ကြီး ၊ ဗိုလ်တင်ဦးက ဒုတပ်ချုပ်ကြီး ဖြစ်လာဖို့ သေချာသလောက် ရှိပါတယ် ။
 

ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးဟာ စစ်သားပီပီ လမ်းတစ်ခုခုကို ရွေးပြီးရင် တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက် လုပ်ချင်စိတ်ရှိတဲ့အတွက် ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်တို့ရဲ့ ဝေ့လည်လည် မရှင်းမလင်း လုပ်ဆောင်မှု မျိုးတွေကို သဘောမကျခဲ့ဘူးလို့လည်း သိခဲ့ရတယ် ။ ဗိုလ်ခင်ညွန့်ကလည်း ဗိုလ်မောင်အေးနဲ့ ဗိုလ်တင်ဦးတို့ဟာ နိုင်ငံရေး ၊ သံတမန်ရေး ၊ စီးပွားရေးအကြောင်း နားမလည်သူတွေအဖြစ် အထင်သေးခဲ့ တယ်လို့ဆိုပါတယ် ။
 

ဗိုလ်တင်ဦးရဲ့စိတ်ထဲမှာလည်း ဗိုလ်ခင်ညွန့်နဲ့ သူ့ဆရာဗိုလ်သန်းရွှေတိုအပေါ် မှာ ခိုးလိုခုလုဖြစ်နေတဲ့အချက်တွေ အတော်များများရှိခဲ့ကြောင့်လည်း သိရပါတယ် ။ အဓိကအချက်တစ်ခုကတော့ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့မှာ နဝတအဖွဲ့ထဲကနေ တစ်အုပ်တစ်မကြီး ဖယ်ရှားပစ်ခံခဲ့ရတွေတဲ့ ဒုတ်ယဗိုလ်ချုပ်ကြီးတွေထဲမှာ သူလေးစားကြည်ညို ရတဲ့ သူ့ဆရာ တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင် ပါသွားခဲ့တဲ့အပေါ် မကျေနပ် တာလို့ ဆိုပါတယ် ။
 

ဗိုလ်တင်ဦးဟာ ၂၀၀၁ ခုနှစ် ရောက်မှ သေဆုံးခဲ့ရတာဖြစ်ပေမဲ့ လုပ်ကြံ သတ်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့က ၁၉၉၆ ခုနှစ်လောက်ကတည်းက သူ့ကို ပစ်မှတ် ထားပြီး သုတ်သင်ရှင်းလင်းဖို့ သူ့နောက်ကို အရိပ်လိုလိုက်နေခဲ့တာ ထင်ရှားပါတယ် ။
 

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ညက ရန်ကုန် ၊ ကမ္ဘာအေး မဟာပါသန လိုဏ်ဂူတော်ကြီးမှာ တရုတ်ပြည်က ပင့်ဆောင်လာတဲ့ စွယ်တော်မြတ်ကို ဖူးမြော်ဖို့သွားရောက်မဲ့အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးကို လုပ်ကြံဖို့အတွက် ဘုရားမှာ ဗုံးထောင်ခဲ့ ပါတယ် ။
 

ပထမ ဗုံးက အပြင်ဘက်စောင်းတန်းမှာ အချိန်မတိုင်မီ ပေါက်ကွဲ သွားတဲ့ အတွက် ဗိုလ်တင်ဦးက သူ့ခရီးစဉ်ကို ဖျက်လိုက်ပါတယ် ။ ဒုတိယ ဗုံးတစ်လုံးက စွယ်တော်ရှေ့မှာရှိတဲ့ ဘုရားပန်းအိုး အတွင်းမှာ ထောင်ထား တာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှာ ဖွေနေစဉ် ပေါက်ကွဲသွားခဲ့ပါတယ် ။
 

ဒီပေါက်ကွဲမှုကြောင့် လုံခြုံရေးဝန်ထမ်း (၄) ဦး သေဆုံးခဲ့ရပါတယ် ။ တရုတ်ပြည်က စွယ်တော်ကို နဝတကိုယ်စား ဘယ်သူ ဘယ်နေ့မှာ လာရောက်ဖူးမြော်လိမ့်မယ်ဆိုတာ အပြင်လူတွေ လုံးဝ မသိနိုင်သလို လုံခြုံရေးထူထပ်စွာ ချထားတဲ့ဒီလိုနေရာမျိုးကို အပြင်က အဖျက်သမား ဆိုသူတွေ ဝင်ရောက် ဗုံးထောင်နိုင်ဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။နဝတ စစ်ထောက်လှမ်းရေးက ဒီလုပ်ရပ်ကို ကေအင်ယူ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ သက်သေ အထောက်အထား တစ်ခုမှ မရှိဘဲ ချက်ချင်း ထုတ်ဖော် စွပ်စွဲခဲ့ပါတယ် ။

ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး ဒုတိယအကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့ တာကတော့ ၁၉၉၇ ခုနှစ် ဧပြီလ (၆) ရက်နေ့ သူ့အိမ်မှာ ဖြစ်ပါ တယ် ။ ဧပြီလ (၃) ရက်နေ့ကတည်းက သူ့နာမည်နဲ့ ရောက်ရှိနေတဲ့ ပါဆယ် ထုပ်ကို ဧပြီလ(၆)ရက်နေ့ညမှာ သမီးကြီးဖြစ်သူ ရန်ကုန် တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ဒေါ်ချိုလဲ့ဦးက ဖွင့်ဖောက် လိုက်ရာ ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ် ။
 

အဲဒီပါဆယ်ထုပ်ပေါ်က တံဆိပ်တုံးတွေဟာ ဂျပန်ပြည်က ဖြစ်ပေမယ့် ဒီပါဆယ်ထုပ်ဟာ ရန်ကုန်စာတိုက်ကြီး မှတ်ပုံတင်ဌာန ၊ စာဝေဌာနတွေက တဆင့် ဗိုလ်တင်ဦးရဲ့အိမ်ကလုံခြုံရေးတပ်ဖွဲ့ကို အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီးမှ သူ့ဧည့်ခန်းထဲက စားပွဲပေါ်ကို ချောချောမောမော ရောက်ရှိလာပုံဟာ မထူးသော်လည်း ဆန်းလှတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။
 

ဒီပါဆယ်ထုပ်ရောက်ရှိလာတဲ့နေ့က ဗိုလ်တင်ဦး ပြန်ရောက်လာတဲ့ နေ့မှာ လည်း ပါဆယ်ထုတ်ကို မေ့နေပြီး စာ (၂) စောင်ကိုပဲ ဇနီးဖြစ်သူ ကပေးခဲ့ မိတယ် လို့ဆိုပါတယ် ။ ပါဆယ်ထုပ် အိမ်ရောက် သည်အထိ  စောင့်ကြည့်နေဟန်ရှိတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဟာ (၃) ရက်ကြာလို့မှ ဗုံးကွဲတာကို မကြားရတဲ့ အတွက် ဧပြီလ (၆)ရက်နေ့ ည(၈)နာရီထိုးခါနီးမှာ ဗိုလ်တင်ဦး အိမ်ကိုဖုံးဆက်ပြီး ပါဆယ်ထုပ် လက်ခံ ရ / မရ မေးမြန်း ခဲ့ပါ တယ် ။
 

တယ်လီဖုန်းကို နားထောင်နေတဲ့ ဒေါ်ချိုလဲ့ဦးက အဲဒီအချိန်ကျမှ သတိရပြီး ပါဆယ်ထုပ်ကို ဖွင့်ကြည့်မိရာက ဗုံးပေါက်ကွဲသွားခဲ့ ရတာ ဖြစ်ကြောင်းသိရှိရပါတယ် ။ “အမှန်က ကျွန်တော့်ကို လုပ်ကြံတာပါ ။ သမီးကြီးကကျွန်တော့်ကိုယ်စား အသက်စွန့်သွားရတာပါ။ 

 

သူ့အမေကိုလည်း ကိုယ်ခန္ဓာနဲ့ ကာကွယ်ပေးထားသလို ဖြစ်ခဲ့လို့ ချိုလဲ့ဦးဟာ ကျွန်တော်တို့ မိသားစုကိုတင် မကဘူး ။ တစ်နိုင်ငံလုံးကို အကြမ်းဖက်သမားတွေရဲ့ အန္တရာယ် ရှိနေကြောင်း သတိပေးသွားတာပါ”လို့ ဗိုလ်တင်ဦးက ပြောဆိုခဲ့ကြောင်း နဝဒေးစာတည်းအဖွဲ့က  ပြုစုထားတဲ့ “သူနှင့်သူ၏ဘဝ ပုံရိပ်”ဆိုတဲ့ ဗိုလ်တင်ဦးရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ အသေးစိတ် ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ဗုံးကွဲပြီး (၂)လအကြာ ဇွန်လ (၂၇)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ခင်ညွန့်က ဒီပါဆယ်ဗုံးကို ဂျပန်ပြည်မှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ ဦးသိန်းငွေနဲ့ ဦးသောမတ်စ်ဂုဏ်အောင်တို့က ပို့လိုက်တာလို့ အတိအကျစွပ်စွဲ ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် ဂျပန်တော်ဝင်ရဲတပ်ဖွဲ့က သူတို့နိုင်ငံက ပေးပို့တဲ့ပစ္စည်းမှန်သမျှတို့ကို သေသေချာချာ စစ်ဆေးပြီးမှသာ ပေးပို့တာမို့ ဒီပါဆယ်ဗုံးဟာ သူတို့နိုင်ငံက လာတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဦးသိန်းငွေနဲ့ ဦးသောမတ်စ်ဂုဏ်အောင်တို့ကို ခေါ်ယူ မေးမြန်းမှု မျိုးတွေတောင် မလုပ်ခဲ့ဘူးလို့ ဆိုပါတယ် ။

ဗိုလ်တင်ဦးတို့ သေဆုံးမှုအပေါ် သင်္ကာမကင်းဖြစ်ခံရသူတွေထဲမှာ သူနဲ့ ပြိုင်ဖက်အဖြစ် နာမည်ကြီးခဲ့တဲ့ဗိုလ်ခင်ညွန့်နဲ့ သူရဲ့စစ်ထောက်လှမ်းရေး အဖွဲ့က ရှေ့ဆုံးက ပါဝင်ပတ်သက်နေသလိုလို ရှိနေတယ်လို့ ထင်မြင် မိရပါတယ် ။ 

 

ဒါ့အပြင် ဗိုလ်တင်ဦးဟာ နအဖဥက္ကဌ ဗိုလ်သန်းရွှေရဲ့ လူယုံတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးရဲ့သမီး ဒေါ်ခင်ပြုံးရွှေနဲ့ သူရဲ့သား ကိုဇော်ထွန်းဦးတို့ရဲ့ ဖောက်ပြန်မှုကိစ္စတွေမှာ ဗိုလ်တင်ဦးကလည်း အဖေတူသားဘက်က ရပ်တည်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူကြီးချင်းပါ မကျေမလည်မသင့်မမြတ် ဖြစ်ခဲ့ကြ တာကြောင့် ဒီကိစ္စကို အတွင်းကျကျ သိနေကြသူတချို့ကလည်း ဗိုလ်သန်းရွှေ အပေါ်မှာလည်း သံသယ ရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။
 

ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့ သူတွေဟာ ဘယ်သူတွေလဲ ၊ ဗိုလ်တင်ဦးထက် အရေးပါတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ကို ပစ်မှတ်မထားဘဲ ဘာရည်ရွယ်ချက်တွေနဲ့ ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ ရသလဲဆိုတဲ့အကြောင်းအရာတွေဟာ အခုအချိန်အထိ အဖြေ မရှိသေးတဲ့ ပဟေဠိတွေအဖြစ်နဲ့ကျန်ရှိနေ သေးတာ တွေ့ရတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်း အပြိုင်အဆိုင်ဖြစ်နေကြတဲ့ လူငယ် ဗိုလ်ချုပ်တွေအကြား ထိန်းပေးသလိုနဲ့ မသိမသာ ရန်တိုက်ပေးပြီး အသက် (၇၅) နှစ်ကျော်သည့်အထိ သူ့သြဇာ အာဏာကို ဆက်လက် ထိန်းသိမ်း ထားသူကတော့ ဗိုလ်သန်းရွှေသာဖြစ်ကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ် ။

ကိုကား - ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ


No comments:

Post a Comment

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...