Tuesday, October 4, 2022

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ်...
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ  တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့တပ်ရင်း တပ်ဖွဲ့တွေကို  လှည့်လည်စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို
လိုက်လံ စစ်ဆေးရတဲ့အချက်ကတော့ ၇.၁.၂၀၀၁ ရက်နေ့ တာချီလိတ်မြို့ အို 7 တောင်ကုန်းမှာ မြန်မာ - ထိုင်း ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံစစ်ပွဲကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ မော်လမြိုင် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် (ရတခ)မှာ ညအိပ်ရပ်နားခဲ့ပြီး နောက်တစ်နေ့ (ဖေဖော်ဝါရီလ (၁၉) ရက်နေ့) မနက်စောစောမှာ ကရင်ပြည်နယ်၊ဘားအံမြို့ကို အသွားမှာ ရာသီဥတုဆိုးဝါးလွန်းတာကြောင့် တရုတ်လှကျေးရွာအနီးက သံလွင်မြစ်ထဲကိုထိုးကျပျက်စီးပြီးတပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူအားလုံး(၁၆)ဦးရှိခဲ့ပြီး ဗိုလ်မှူးကြီး(၂)ဦးရဲ့ အလောင်းတွေကိုတော့ လုံးဝရှာမတွေ့ခဲ့ပါဘူး။
၁။ကြည်း /၈၁၈၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
၂။ကြည်း/၁၁၇၁၆ ဗိုလ်ချုပ်စစ်မောင်
၃။ကြည်း/၁၀၃၃၃ဗိုလ်မှူးချုပ်လွန်းမောင်
၄။ကြည်း/၁၁၄၆၇ ဗိုလ်မှူးကြီးဝင်းလှိုင်
၅။ကြည်း/၁၄၇၇၀ဗိုလ်မှူးကြီးလှပိုင်
၆။ကြည်း/၁၈၁၇၁ ဗိုလ်မှူးအောင်ဖုန်းနိုင်
၇။ကြည်း/၂၉၄၇၀ဗိုလ်ခင်မောင်ကျော်
၈။လေ/၁၆၃၃ ဗိုလ်မှူးကြီး တင်ဝင်း
၉။ လေ /၁၈၆၂ ဗိုလ်မှူးစိုးနိုင်
၁၀။လေ/၂၁၇၄ ဗိုလ်ကြီးနေမင်းအောင်
၁၁။လေ/၁၈၄၀၀ တပ်ကြပ် သိန်းထွန်း
၁၂။လေ/၂၂၆၀၄တပ်ကြပ် ထိန်လင်းအောင်တို့ဖြစ်ပြီး...
 

အသက်ရှင် ကျန်ရစ်ခဲ့သူများမှာ -
၁။ ဗိုလ်ချုပ် သန်းမောင် ၂။ဗိုလ်မှူးကြီး လှဌေးဝင်း ၃။ ဒုဗိုလ်မှူးကြီးခင်မောင်မြင့် ၄။ဒုဗိုလ်မှူးကြီးအုန်းလွင် ၅။ ဗိုလ်မှူး ရဲမြင့်ထွန်း ၉။ဗိုလ်အုန်းမြင့် ၁၀။တပ်ကြပ်ကြီး ဝင်းမောင် ၁၁။ တပ်ကြပ် မြတ်ကျော် ၁၂။တပ်ကြပ်မောင်မောင် ၁၃။အရပ်သား ဦးနေစိုးနိုင်တို့ ဖြစ်ပါတယ် )

အဲဒီထိပ်တန်းခေါင်းဆောင်နှစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ရတခတိုင်းမှူး ဗိုလ်ချုပ် သီဟသူရ စစ်မောင်တို့ ဖြစ်ကြပါတယ်။ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးဟာ မဆလခေတ်မှာကတည်းက စစ်ရုံးချုပ်စစ်ဦး စီးဗိုလ်မှူးကြီးအဖြစ်နဲ့ စစ်ဆင်ရေးတော်တော်များများကို ကွပ်ကဲလာခဲ့သူ ဖြစ်တာကြောင့် နဝတ ၊ နအဖခေတ်မှာလည်း တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီး တို့ကိုယ်စား တစ်ပြည်လုံးမှာ ရှိတဲ့ တပ်တွေကို စစ်ရုံးချုပ် ကနေ နေ့စဉ် ကွပ်ကဲ ညွှန်ကြားနေသူ ဖြစ်တယ် ။
 

သူနဲ့အတူ သေဆုံးသွားခဲ့တဲ့ရတခတိုင်းမှူး ဗိုလ်ချုပ်စစ်မောင်ကတော့ သူရ သီဟသူရဆိုတဲ့မြန်မာ့တပ်မတော်ရဲ့ သူရသတ္တိဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တွေကို ရရှိထားတဲ့အပြင် သူသေဆုံးချိန်မှာ အသက်က (၅၀)နှစ်သာ ရှိသေးတဲ့အတွက် အနာဂတ်မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အလောင်းအလျာအဖြစ် သတ်မှတ် လျာထားခံရသူ တစ်ဦးလည်း ဖြစ်ပါတယ် ။

အဲဒီရဟတ်ယာဉ် ပျက်ကျမှုဟာ ရာသီဥတုဆိုးဝါးလွန်းတာကြောင့် ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ နအဖက အဲဒီနေ့ညနေမှာပဲ ချက်ချင်း သတင်း ထုတ်ပြန်ကြေငြာခဲ့ပေမယ့် တပ်တွင်းတပ်ပြင်မှာတော့ ရဟတ်ယာဉ် ပျက်ကျမှု အပေါ် ကြီးမားစေတဲ့ သံသယတွေ ဖြစ်ပေါ်လာခဲ့ပါတယ် ။

စစ်အစိုးရက ရာသီဥတုဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်ပျက်ရပါတယ်ဆိုပြီး သတင်း ထုတ်ပြန်ခဲ့ပေမယ့် ရုရှားနိုင်ငံကတော့ အဲဒီသတင်း ထုတ်ပြန် ချက်ကိုလက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရပါတယ် ။ သူတို့ ရဲ့ MI –17 ရဟတ်ယာဉ်အမျိုးအစားတွေဟာ ကြံ့ခိုင်တဲ့အပြင် ရှရှားနိုင်ငံရဲ့ ဆိုးဝါး လွန်းလှတဲ့ ဆောင်းရာသီမှာတောင် အချိန်မရွေး ပျံသန်းနိုင်အောင် တည်
ဆောက်ထားတာမို့ သူတို့ရဟတ်ယာဉ်ရဲ့ ချို့ယွင်း ချက်ကြောင့်ပျက်ကျတာ လုံးဝမဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရပါတယ် ။
 

စစ်အစိုးရရဲ့ ဒီလို ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် စစ်အစိုးရ အပေါ် ပြည်တွင်းပြည်ပက  ပိုမိုပြီး မယုံသင်္ကာ ဖြစ်နေကြတာ ဖြစ်နိုင် ပါတယ် ။


ဘာကြောင့် သံသယတွေ ဖြစ်ပေါ်ခဲ့ရသလဲဆိုရင် ….???

ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးဟာ ဗိုလ်ခင်ညွန့်ရဲ့ အဓိက ပြိုင်ဘက် တစ်ဦးဖြစ်ခဲ့တဲ့အပြင် ဗိုလ်တင်ဦးကို ပစ်မှတ်ထားခဲ့တဲ့ ဗုံးခွဲလုပ်ကြံမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့တဲ့ သာဓကတွေကြောင့်လည်း အခုလို သံသယဖြစ်မှုတွေ ဖြစ်ခဲ့ရတာကိုး ။
 

ဗိုလ်တင်ဦးဟာ (OTS – 22) ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ခင်ညွန့်ဟာ (OTS – 25)ကျောင်းဆင်းတွေ ဖြစ်ခဲ့တာကြောင့် ဗိုလ်ခင်ညွန့်ထက်စီနီယာကျသူ ဖြစ်ပါတယ် ။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံ ကာလအတွင်းမှာ ဗိုလ်ခင်ညွန့်က စစ်ထောက်လှမ်းရေးအဖွဲ့ကို ဦးစီးကွပ်ကဲပြီး တန်ပြန် အဖျက်အမှောင့်လုပ်ငန်းတွေနဲ့ လူထုအရေးတော်ပုံကြီးကို အတွင်းကနေ ဖြိုခွဲဖို့ ကြိုးပမ်းနေချိန်မှာ စစ်ရုံးချုပ်ရဲ့ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ကို ထမ်းဆာင်နေတဲ့ ဗိုလ်တင်ဦးကလည်း တိုက်ခိုက်ရေးတပ်တွေကို စီမံခန့်ခွဲ ညွှန်ကြားနေပြီး အရေးတော်ပုံကြီးကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲနိုင်ဖို့ ကြိုးပမ်းနေခဲ့သူဖြစ်တယ် ။

သူတို့နှစ်ဦးရဲ့ အကူအညီတွေကြောင့် စစ်တပ်က အာဏာ မြန်မြန်သိမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းအဖွဲ့ နဝတထဲမှာ သူတို့ နှစ်ယောက် စလုံးကို အတွင်းရေးမှူး (၁)နဲ့ (၂)အဖြစ် အရေးပါတဲ့ ရာထူးနေရာ အဆင့်အတန်းတွေကို ခန့်အပ် တာဝန်ပေးခဲ့တာ ဖြစ်တယ် ။ သူတို့နှစ် ယောက်စလုံးဟာ အဲဒီအချိန်ကစပြီး အပြိုင်အဆိုင် တွေ ဖြစ်ခဲ့ပုံရပါတယ် ။
 

၁၉၉၂ ခုနှစ် နောက်ပိုင်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်မောင်အေးနဲ့ သူရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ စစ်ဦးစီးအရာရှိချုပ်၊အထူးစစ်ဆင်ရေးအဖွဲ့မှူးဆိုတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့ ဗိုလ်တင်ဦး ဟာ ဗိုလ်ခင်ညွန့်ထက်စာရင် တစ်ဦးနဲ့ တစ်ဦး ပိုပြီးရင်းနှီး နိုင်ပါတယ် ။
 

ဒါကြောင့် အာဏာသိမ်းခေါင်းဆောင် (ဗိုလ်စောမောင်ကို ဖြုတ်ချခဲ့သူ) တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်သန်းရွှေ မရှိတော့ရင်မြန်မာ့တပ်မတော်မှာ ဗိုလ် မောင်အေးက တပ်ချုပ်ကြီး ၊ ဗိုလ်တင်ဦးက ဒုတပ်ချုပ်ကြီး ဖြစ်လာဖို့ သေချာသလောက် ရှိပါတယ် ။
 

ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးဟာ စစ်သားပီပီ လမ်းတစ်ခုခုကို ရွေးပြီးရင် တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက် လုပ်ချင်စိတ်ရှိတဲ့အတွက် ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်တို့ရဲ့ ဝေ့လည်လည် မရှင်းမလင်း လုပ်ဆောင်မှု မျိုးတွေကို သဘောမကျခဲ့ဘူးလို့လည်း သိခဲ့ရတယ် ။ ဗိုလ်ခင်ညွန့်ကလည်း ဗိုလ်မောင်အေးနဲ့ ဗိုလ်တင်ဦးတို့ဟာ နိုင်ငံရေး ၊ သံတမန်ရေး ၊ စီးပွားရေးအကြောင်း နားမလည်သူတွေအဖြစ် အထင်သေးခဲ့ တယ်လို့ဆိုပါတယ် ။
 

ဗိုလ်တင်ဦးရဲ့စိတ်ထဲမှာလည်း ဗိုလ်ခင်ညွန့်နဲ့ သူ့ဆရာဗိုလ်သန်းရွှေတိုအပေါ် မှာ ခိုးလိုခုလုဖြစ်နေတဲ့အချက်တွေ အတော်များများရှိခဲ့ကြောင့်လည်း သိရပါတယ် ။ အဓိကအချက်တစ်ခုကတော့ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့မှာ နဝတအဖွဲ့ထဲကနေ တစ်အုပ်တစ်မကြီး ဖယ်ရှားပစ်ခံခဲ့ရတွေတဲ့ ဒုတ်ယဗိုလ်ချုပ်ကြီးတွေထဲမှာ သူလေးစားကြည်ညို ရတဲ့ သူ့ဆရာ တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင် ပါသွားခဲ့တဲ့အပေါ် မကျေနပ် တာလို့ ဆိုပါတယ် ။
 

ဗိုလ်တင်ဦးဟာ ၂၀၀၁ ခုနှစ် ရောက်မှ သေဆုံးခဲ့ရတာဖြစ်ပေမဲ့ လုပ်ကြံ သတ်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့က ၁၉၉၆ ခုနှစ်လောက်ကတည်းက သူ့ကို ပစ်မှတ် ထားပြီး သုတ်သင်ရှင်းလင်းဖို့ သူ့နောက်ကို အရိပ်လိုလိုက်နေခဲ့တာ ထင်ရှားပါတယ် ။
 

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ညက ရန်ကုန် ၊ ကမ္ဘာအေး မဟာပါသန လိုဏ်ဂူတော်ကြီးမှာ တရုတ်ပြည်က ပင့်ဆောင်လာတဲ့ စွယ်တော်မြတ်ကို ဖူးမြော်ဖို့သွားရောက်မဲ့အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးကို လုပ်ကြံဖို့အတွက် ဘုရားမှာ ဗုံးထောင်ခဲ့ ပါတယ် ။
 

ပထမ ဗုံးက အပြင်ဘက်စောင်းတန်းမှာ အချိန်မတိုင်မီ ပေါက်ကွဲ သွားတဲ့ အတွက် ဗိုလ်တင်ဦးက သူ့ခရီးစဉ်ကို ဖျက်လိုက်ပါတယ် ။ ဒုတိယ ဗုံးတစ်လုံးက စွယ်တော်ရှေ့မှာရှိတဲ့ ဘုရားပန်းအိုး အတွင်းမှာ ထောင်ထား တာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှာ ဖွေနေစဉ် ပေါက်ကွဲသွားခဲ့ပါတယ် ။
 

ဒီပေါက်ကွဲမှုကြောင့် လုံခြုံရေးဝန်ထမ်း (၄) ဦး သေဆုံးခဲ့ရပါတယ် ။ တရုတ်ပြည်က စွယ်တော်ကို နဝတကိုယ်စား ဘယ်သူ ဘယ်နေ့မှာ လာရောက်ဖူးမြော်လိမ့်မယ်ဆိုတာ အပြင်လူတွေ လုံးဝ မသိနိုင်သလို လုံခြုံရေးထူထပ်စွာ ချထားတဲ့ဒီလိုနေရာမျိုးကို အပြင်က အဖျက်သမား ဆိုသူတွေ ဝင်ရောက် ဗုံးထောင်နိုင်ဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။နဝတ စစ်ထောက်လှမ်းရေးက ဒီလုပ်ရပ်ကို ကေအင်ယူ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ သက်သေ အထောက်အထား တစ်ခုမှ မရှိဘဲ ချက်ချင်း ထုတ်ဖော် စွပ်စွဲခဲ့ပါတယ် ။

ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး ဒုတိယအကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့ တာကတော့ ၁၉၉၇ ခုနှစ် ဧပြီလ (၆) ရက်နေ့ သူ့အိမ်မှာ ဖြစ်ပါ တယ် ။ ဧပြီလ (၃) ရက်နေ့ကတည်းက သူ့နာမည်နဲ့ ရောက်ရှိနေတဲ့ ပါဆယ် ထုပ်ကို ဧပြီလ(၆)ရက်နေ့ညမှာ သမီးကြီးဖြစ်သူ ရန်ကုန် တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ဒေါ်ချိုလဲ့ဦးက ဖွင့်ဖောက် လိုက်ရာ ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ် ။
 

အဲဒီပါဆယ်ထုပ်ပေါ်က တံဆိပ်တုံးတွေဟာ ဂျပန်ပြည်က ဖြစ်ပေမယ့် ဒီပါဆယ်ထုပ်ဟာ ရန်ကုန်စာတိုက်ကြီး မှတ်ပုံတင်ဌာန ၊ စာဝေဌာနတွေက တဆင့် ဗိုလ်တင်ဦးရဲ့အိမ်ကလုံခြုံရေးတပ်ဖွဲ့ကို အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီးမှ သူ့ဧည့်ခန်းထဲက စားပွဲပေါ်ကို ချောချောမောမော ရောက်ရှိလာပုံဟာ မထူးသော်လည်း ဆန်းလှတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။
 

ဒီပါဆယ်ထုပ်ရောက်ရှိလာတဲ့နေ့က ဗိုလ်တင်ဦး ပြန်ရောက်လာတဲ့ နေ့မှာ လည်း ပါဆယ်ထုတ်ကို မေ့နေပြီး စာ (၂) စောင်ကိုပဲ ဇနီးဖြစ်သူ ကပေးခဲ့ မိတယ် လို့ဆိုပါတယ် ။ ပါဆယ်ထုပ် အိမ်ရောက် သည်အထိ  စောင့်ကြည့်နေဟန်ရှိတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဟာ (၃) ရက်ကြာလို့မှ ဗုံးကွဲတာကို မကြားရတဲ့ အတွက် ဧပြီလ (၆)ရက်နေ့ ည(၈)နာရီထိုးခါနီးမှာ ဗိုလ်တင်ဦး အိမ်ကိုဖုံးဆက်ပြီး ပါဆယ်ထုပ် လက်ခံ ရ / မရ မေးမြန်း ခဲ့ပါ တယ် ။
 

တယ်လီဖုန်းကို နားထောင်နေတဲ့ ဒေါ်ချိုလဲ့ဦးက အဲဒီအချိန်ကျမှ သတိရပြီး ပါဆယ်ထုပ်ကို ဖွင့်ကြည့်မိရာက ဗုံးပေါက်ကွဲသွားခဲ့ ရတာ ဖြစ်ကြောင်းသိရှိရပါတယ် ။ “အမှန်က ကျွန်တော့်ကို လုပ်ကြံတာပါ ။ သမီးကြီးကကျွန်တော့်ကိုယ်စား အသက်စွန့်သွားရတာပါ။ 

 

သူ့အမေကိုလည်း ကိုယ်ခန္ဓာနဲ့ ကာကွယ်ပေးထားသလို ဖြစ်ခဲ့လို့ ချိုလဲ့ဦးဟာ ကျွန်တော်တို့ မိသားစုကိုတင် မကဘူး ။ တစ်နိုင်ငံလုံးကို အကြမ်းဖက်သမားတွေရဲ့ အန္တရာယ် ရှိနေကြောင်း သတိပေးသွားတာပါ”လို့ ဗိုလ်တင်ဦးက ပြောဆိုခဲ့ကြောင်း နဝဒေးစာတည်းအဖွဲ့က  ပြုစုထားတဲ့ “သူနှင့်သူ၏ဘဝ ပုံရိပ်”ဆိုတဲ့ ဗိုလ်တင်ဦးရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ အသေးစိတ် ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ဗုံးကွဲပြီး (၂)လအကြာ ဇွန်လ (၂၇)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ခင်ညွန့်က ဒီပါဆယ်ဗုံးကို ဂျပန်ပြည်မှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ ဦးသိန်းငွေနဲ့ ဦးသောမတ်စ်ဂုဏ်အောင်တို့က ပို့လိုက်တာလို့ အတိအကျစွပ်စွဲ ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် ဂျပန်တော်ဝင်ရဲတပ်ဖွဲ့က သူတို့နိုင်ငံက ပေးပို့တဲ့ပစ္စည်းမှန်သမျှတို့ကို သေသေချာချာ စစ်ဆေးပြီးမှသာ ပေးပို့တာမို့ ဒီပါဆယ်ဗုံးဟာ သူတို့နိုင်ငံက လာတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဦးသိန်းငွေနဲ့ ဦးသောမတ်စ်ဂုဏ်အောင်တို့ကို ခေါ်ယူ မေးမြန်းမှု မျိုးတွေတောင် မလုပ်ခဲ့ဘူးလို့ ဆိုပါတယ် ။

ဗိုလ်တင်ဦးတို့ သေဆုံးမှုအပေါ် သင်္ကာမကင်းဖြစ်ခံရသူတွေထဲမှာ သူနဲ့ ပြိုင်ဖက်အဖြစ် နာမည်ကြီးခဲ့တဲ့ဗိုလ်ခင်ညွန့်နဲ့ သူရဲ့စစ်ထောက်လှမ်းရေး အဖွဲ့က ရှေ့ဆုံးက ပါဝင်ပတ်သက်နေသလိုလို ရှိနေတယ်လို့ ထင်မြင် မိရပါတယ် ။ 

 

ဒါ့အပြင် ဗိုလ်တင်ဦးဟာ နအဖဥက္ကဌ ဗိုလ်သန်းရွှေရဲ့ လူယုံတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးရဲ့သမီး ဒေါ်ခင်ပြုံးရွှေနဲ့ သူရဲ့သား ကိုဇော်ထွန်းဦးတို့ရဲ့ ဖောက်ပြန်မှုကိစ္စတွေမှာ ဗိုလ်တင်ဦးကလည်း အဖေတူသားဘက်က ရပ်တည်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူကြီးချင်းပါ မကျေမလည်မသင့်မမြတ် ဖြစ်ခဲ့ကြ တာကြောင့် ဒီကိစ္စကို အတွင်းကျကျ သိနေကြသူတချို့ကလည်း ဗိုလ်သန်းရွှေ အပေါ်မှာလည်း သံသယ ရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။
 

ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့ သူတွေဟာ ဘယ်သူတွေလဲ ၊ ဗိုလ်တင်ဦးထက် အရေးပါတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ကို ပစ်မှတ်မထားဘဲ ဘာရည်ရွယ်ချက်တွေနဲ့ ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ ရသလဲဆိုတဲ့အကြောင်းအရာတွေဟာ အခုအချိန်အထိ အဖြေ မရှိသေးတဲ့ ပဟေဠိတွေအဖြစ်နဲ့ကျန်ရှိနေ သေးတာ တွေ့ရတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်း အပြိုင်အဆိုင်ဖြစ်နေကြတဲ့ လူငယ် ဗိုလ်ချုပ်တွေအကြား ထိန်းပေးသလိုနဲ့ မသိမသာ ရန်တိုက်ပေးပြီး အသက် (၇၅) နှစ်ကျော်သည့်အထိ သူ့သြဇာ အာဏာကို ဆက်လက် ထိန်းသိမ်း ထားသူကတော့ ဗိုလ်သန်းရွှေသာဖြစ်ကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ် ။

ကိုကား - ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ


Tuesday, April 19, 2022

“ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် အင်တာဗျူး ကောက်နုတ်ချက်များ”

 ၁။ ယခင်က PDF တွေအနေနဲ့ အနှစ် ၇ဝ သက်တမ်းရှိ စစ်ကောင်စီတပ်တွေကို နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဟု ပြောကြသည်။ ယခု စစ်ကောင်စီတပ်တွေဟာ PDF တွေကို နိုင်အောင် မတိုက်နိုင်တော့ပါ။

၂။ PDF တပ်ရင်း ၂၅၉ တပ်ရင်း ဖွဲ့စည်းပြီးပြီ။ မြို့နယ်အခြေခံ ပကဖ တွေကို မြို့နယ် ၂၅ဝ မှာ ဖွဲ့စည်းပြီးပြီ။
LDF ခေါ် မြို့ပြနဲ့ ကျေးလက်လူငယ်တွေရဲ့ ပြောက်ကျားတပ်ဖွဲ့က ၄ဝ၁ ဖွဲ့ ရှိပြီ။ အများစုက NUG နဲ့ ချိတ်ဆက်ပြီး။
 
၃။ PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီ။
 
၄။ တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကိုပဲ ထိန်းချုပ်နိုင်ရာကနေ မြို့ပြတချို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အဆင့်တိုးတက်ရောက်ရှိ။
 
၅။ လက်ရှိ PDF သက်သက်အင်အား ၅ သောင်းမှ ၁ သိန်းအကြားရှိပြီ။ အသေးစိပ်ပြောရန်ငြင်းဆို။
 
၆။ အခုအချိန်ထိ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ပြီး အဆိုပါ ငွေရဲ့ ၈၅% ကို လက်နက်တပ်ဆင်ရေးအတွက် သုံးစွဲခဲ့သည်။
 
၇။ ယင်းမာပင် PDF လို ဥပဒေမဲ့အဖွဲ့တွေကို လိုအပ်သလို စစ်ခုံရုံးနဲ့ စစ်ဆေးမည်။
 
၈။ လေယာဉ်ကွင်းတချို့ PDF ထိန်းချုပ်မှုအောက် မကြာခင် ရောက်ရှိလာနိုင်သည်။ ရဟတ်ယာဉ် ဆင်းရန် ပြေးလမ်း မလို။ လေယာဉ်၊ စစ်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာကားတွေနဲ့ လာရောက်ခိုလှုံရေးအစီအစဉ် စကစ တပ်အတွင်းမှ ဆက်သွယ်တုံ့ပြန်ချက်ရရှိနေ။
 
၉။ EAO ၅ ဖွဲ့နဲ့ NUG အကြားနိုင်ငံရေးနဲ့ စစ်ရေးအပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပြီး PDF တွေကို လေ့ကျင့်သင်ကြားရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အကူအညီပေးနေတဲ့ EAO က အနည်းဆုံး နောက် ထပ် ၄ ဖွဲ့ရှိသည်။ အသေးစိပ်ပြောကြားရန်ငြင်းဆို။
 
၁ဝ။ AA သည် NUG နဲ့ တလှေတည်း စီးနေတယ်လို့ မပြောနိုင်တောင် တခရီးတည်း သွားနေတဲ့ မိတ်ဆွေ ကောင်း ဖြစ်သည်။
 
၁၁။ စစ်ကောင်စီ လက်လွှတ်ထားရပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေ နိုင်ငံတခုလုံးရဲ့ ၅ဝ% ကျော်ရှိနေပြီဖြစ်ပြီး အဆိုပါ စိုးမိုးဒေသတွေမှာ NUG က ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ တရားစီရင်ရေးကို စတင်ဆောင်ရွက်နေပြီ။
၁၂။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည်။ စစ်အာဏာရှင်စနစ် အာဏာရှင်အတွေး အခေါ် ရှိသူတွေနဲ့ ဘယ်လို အပေးအယူမျှ NUG အနေနဲ့ လုပ်ကိုင်မည် မဟုတ်။
 
၁၃။ စစ်တပ်ရဲ့ အနာဂတ်ကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆုံးဖြတ်ရမည်ဖြစ်သည်။ စစ်တပ်တခုလုံး ပြိုကွဲပျက်စီးမှုကို ရွေးမှာလား။ ပြည်သူကိုစောင့်ရှောက်ပြီး အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမည်လား ရွေးချယ်နိုင်သည်။
 
၁၂။ အမေရိကန်အစိုးရထံမှ ကူညီထောက်ပံ့ငွေ ရရှိလျှင် NUG နဲ့ အမေရိကန်အစိုးရ ညှိနိုင်းသုံးစွဲမည်။
၁၃။ တော်လှန်ရေးပြီးဆုံးတဲ့အခါ လက်ရှိစစ်ဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူ့အစိုးရက အပြည့်အဝတာဝန်ယူစောင့်ရှောက်မည်။
 
၁၄။ ၂ဝ၂၂ ခုနှစ်အတွင်း PDF နဲ့ မဟာမိတ်တွေလက်တွဲပြီး အရေးကြီးတဲ့ အောင်ပွဲတွေ ရယူမည်။
၁၅။ နွေဦးတော်လှန်ရေးကို အောင်ပွဲနဲ့ အမြန်ဆုံး အဆုံးသတ်ဖို့ NUG ကြိုးစားမည်။

Monday, April 18, 2022

စစ်သူပုန်တို. နေဝင်ချိန်

လောကမှာ အယုတ်ညံ့ဆုံး သတ္တဝါတွေဆိုတာ သူတပါး‌ကျေးဇူး ခံယူပြီး မှီတွယ် ရှင်သန်နေရပေမဲ့ အဲဒီကျေးဇူးတရားကို အသိအမှတ် မပြုတဲ့အပြင် ကျေးဇူးကန်းပြီး ရန်ပြုတိုက်ခိုက် ကျေးစွပ်တတ်တဲ့ သတ္တဝါမျိုးပါပဲ။ အထူးသဖြင့် အမိ အဖ အရာထားအပ်တဲ့ မိဘပြည်သူလူထုကို ရန်ပြု သတ်ဖြတ်နေတဲ့ လက်နက်ကိုင် စစ်မိစ္ဆာသတ္တဝါတွေဟာ ကျေးဇူးကန်းတဲ့ ယုတ်ညံ့ဆုံး သတ္တဝါတွေပါပဲ။

အာဏာရူး မအလနဲ့ လက်ပါးစေ နောက်လိုက် စစ်ပြိတ္တာတွေရဲ့ လည်ချောင်းကို ခြေမနဲ့ ကလော်ထုတ်ရင် မိဘပြည်သူတွေရဲ့ ဘဏ္ဍာငွေကြေးတွေ၊ ခိုးဆိုးလုယက် ဓားပြတိုက်ယူလို့ရတဲ့ မသန့်ရှင်းတဲ့ ဓနဥစ္စာနဲ့ သံသရာကြွေးပါတဲ့ ကျေးဇူးတွေ အတောင့်လိုက် ထွက်လာမှာ မုချပါပဲ။

တချိန်တုန်းကတော့ ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ဗြိတိသျှကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့၊ ပြည်သူတွေကို ကာကွယ်ဖို့ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတည်ထောင်ခဲ့တာမို့ ပြည်သူကြားက ပေါက်ဖွားလာတဲ့ မြန်မာ့တပ်မတော်ဟာ သန္ဓေယုတ်တဲ့ ဗိုလ်နေဝင်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်တို့လို သီလသိမ်ဖျင်းတဲ့ အယုတ်ညံ့ဆုံး စစ်မိစ္ဆာသတ္တဝါတွေလက်ထဲ ကျရောက်ခဲ့ရတော့ ပြည်သူ့ချဉ်ဖတ်၊ ဖက်ဆစ်တပ် ဖြစ်ခဲ့ရပြီး နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ဘုံရန်သူအဖြစ် ဝိုင်းဝန်းချေမှုန်းတာ ခံနေရတဲ့ဘဝကို ရောက်နေခဲ့ရတာပါပဲ။

ဒီလိုဖြစ်နိုင်ချေရှိတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့လို့လား‌တော့ မသိပါဘူး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ ၁၉၄၄ ခုနှစ်၊ မတ်လ ၁၃ ရက် တနင်္လာနေ့မှာ ဗမာနိုင်ငံတော် စစ်ကျောင်း (၁၉၄၂-၄၃ ခုနှစ်) ဗမာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းပွဲ အခမ်းအနားမှာ‌ အောက်ပါမိန့်ခွန်းကို မြွက်ကြား သတိ‌ပေးခဲ့ပါတယ်။

“တပ်မတော်ဟာ လူတဦးတယောက်အတွက်လည်း တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး၊ တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့၊ တပါတီ၊ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်၊ တနိုင်ငံလုံး၊ တမျိုးသားလုံးအတွက် ဖြစ်တယ်။”

“ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြုဖို့မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။

“ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိမ်ချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရား မလုပ်၊ နိုင်ငံရဲ့ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြ ခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့ လူတွေကို ညှဉ်းချင်တဲ့စိတ် ရှိတယ်။ အားနည်းတဲ့လူတွေကလည်း အားကြီးနေတဲ့ လူကို လက်နက်အားကိုး၊ အာဏာအား ကိုး လုပ်ချင်တယ် ပြောကြတယ်။”

“မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ၊ အာဏာရှိတဲ့နေရာရောက်တော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလိုမဟုတ်၊ အားနည်းတဲ့အခါ အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါမှာလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ 

အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့အခြေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ၊ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ၊ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို၊ နိုင်ငံရဲ့အမှုကို ဘယ်အခါမဆို ထမ်းမယ်ဆိုတဲ့ လူအားလုံးပဲ။ ရှေ့ကို ရဲဘော်တွေဟာ လူကြီးဖြစ်ပြီ။ လူကြီးဆိုတာ ဘာလဲ၊ အသက်ကြီးတာကို ဆိုလိုသလား၊ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးပဲ။ 

ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ကြရမယ်၊ အစစအရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည်၊ တော်သည်၊ ဟုတ်သည်၊ မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ ဘေးကလူတွေ လာပြောတိုင်း အရမ်းမယုံကြနှင့်၊ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနှင့် မဆိုင်တဲ့ အကျယ် အကျယ်ဖြစ်မည့် ကိစ္စဆိုလျှင် ငါတို့ ရှောင်ရမယ်၊ ဘယ်လို ဘေးလူက ဗိုလ်ကြီးရဲ့ ဘာကြီးနဲ့ မြှောက်ပေးပေး ငါတို့ မရပါဘူး။ ဆွေမျိုးကိစ္စ၊ မိတ်ဆွေကိစ္စဟာ ကိုယ့်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့” လို့ ဗိုလ်ချုပ် အောင်ဆန်းက အတန်တန် ဆုံးမခဲ့ပါတယ်။

၁၉၄၅ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေးမှာလည်း “အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား၊ ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတမျိုး ရှိနေရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး” လို့ ထည့်သွင်း မြွက်ကြားခဲ့ပါတယ်။

“ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်” လို့ လွတ်လပ်‌ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အထပ်ထပ် သတိပေး မှာကြားခဲ့ပါတယ်။

ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးမျိုးယုတ်လို ပြည်သူ့ဘဏ္ဍာ ရိက္ခာ လစာနဲ့ စားသောက် ရှင်သန်နေရတဲ့ စစ်တပ်က နိုင်ငံပိုင်ဘတ်ဂျက်နဲ့ ဝယ်ယူထားတဲ့ လက်နက်ကျည်ဆန်၊ ဗုံး၊ အမြောက်၊ တင့်ကား၊ ရဟတ်ယာဉ်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်လေယာဉ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လုယက်၊ မုဒိမ်းကျင့်၊ မီးရှို့၊ လေကြောင်းက တိုက်ခိုက် ဗုံးကြဲနေတာဟာ အမိအဖသတ်တဲ့ အမျိုးယုတ် မွေးစားသားတွေလို နောင်သံသရာ ဘဝများစွာ ပေးဆပ် ဝဋ်ခံရရုံသာမက ဒီဘဝမှာတင် ငရဲခံကြရဦးမယ့် စစ်ပြိတ္တာမျိုးတွေပါပဲ။
 

ဒီကနေ့ ဧပြီလ ၆ ရက်နေ့ PVTV က ထုတ်ပြန်တဲ့ သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာနဲ့ အုတ်နှဲဘုတ်ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ရာမှာ CDM ကျောင်းဆရာမတချို့ အပါအဝင် အမျိုးသမီး ၃၀ ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။

ဒီလိုမျိုး မိဘပြည်သူအပေါ် လူမဆန်တဲ့ မဟာအကုသိုလ်ကြီးတွေ လက်ရဲဇက်ရဲ ကျူးလွန်လာတာဟာ ဘာကို ညွှန်ပြနေသလဲဆိုတော့ စစ်သူပုန်ဗာလနံ အမျိုးယုတ်တပ်ဟာ ခေတ်ကုန်ကာ နေဝင်မိုးချုပ်သွားပြီ ဆိုတာပါပဲ။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးတပ်မတော်ဆိုတာ အကြွင်းမဲ့ ပျောက်ဆုံးသွားပါပြီ။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ တပ်ပျက်နေတဲ့ အာဏာလု အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး လူထုအာဏာဖီဆန်ရေး (CDM) လုပ်လာခဲ့ကြတဲ့ အောက်ခြေတပ်သား အဆင့်က‌နေ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်တဲ့ တပ်သားအရာရှိ စုစုပေါင်း ၃,၀၀၀ ခန့်ရှိ‌နေပြီလို့ CDM ဝင်လာသူ‌တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေထံက သိရတယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ အခုဆို ၇ လတင်းတင်း ပြည့်ခဲ့ပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရ ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်လက်အရ တလကို ပျမ်းမျှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးနေတာမို့ ၇ လအတွင်း အကြမ်းဖျင်း အနည်းဆုံး စစ်သား ၁၄,၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

စစ်အခွင့်ထူးခံအုပ်စုဟာ ပြည်တွင်းပြည်ပ၊ နိုင်ငံတကာထောက်ခံမှု‌၊ သံတမန်ဆက်ဆံရေး ကဏ္ဍတွေမှာလည်း လူရာမဝင်ဘဲ ခွက်ခွက်လန် ကျရှုံးသွားသလို ညစ်တွန်းတွန်းရင်း ကိုယ့်သေတွင်းကို မိုက်မဲစွာ တူးနေ တာက လွဲလို့ ဆက်လုပ်စရာလည်း များများစားစား မကျန်တော့ပါဘူး။

အလုံးစုံပျက်သုဉ်း‌ရေးဆီ ဦးတည်နေပြီး ပြည်သူက လက်မခံ‌တော့တာမို့ အနာဂတ်မရှိ၊ ဆက်မနေအပ်တော့တဲ့ စစ်တပ်ထဲမှ ထွက်ပြေးသူများနဲ့ CDM ဝင်လာသူ‌တွေ တနေ့တခြား များလာတာကြောင့် အာဏာလု စစ်ဓားပြ ကောင်စီဟာ တပ်တွင်းစည်းရုံးရေးကို ဘယ်လောက်လုပ်လုပ် မာရ်နတ် လာကယ်ရင်တောင် မရနိုင် တော့တာ သေချာသထက် သေချာသွားပါပြီ။

ဒီကနေ့ မြန်မာပြည်သူအများစုဟာ ခါးသီးတဲ့ နာကြည်းချက်တွေ ပွေ့ပိုက်လို့ စစ်ဘီလူး အာဏာရူး မအလနဲ့ လက်ပါးစေ နောက်လိုက် စစ်ပြိတ္တာတွေရဲ့ အခွင့်ထူးခံစနစ်ကို မြန်မာ့မြေမှာ ရှင်သန်ခွင့်ပေးလို့ မရတော့ဘူးဆိုတာ ခိုင်မာသထက် ခိုင်မာလို့ လူသူအများကို သွေးရူးသွေးတန်း ကိုက်ခဲ မိုက်မဲနေတဲ့ ခွေးရူး တကောင်ကို အရပ်ရှစ်မျက်နှာကနေ ဝိုင်းသုတ်သင်‌နေကြလို့ စစ်သူပုန်တို့ နေဝင်ချိန်ဟာ နီးကပ်သထက် နီးကပ်လာနေတာမို့ စစ်သူပုန်တပ်ထဲက လက်ကျန် ဖရဲသီးတွေ၊ လူစိတ်ရှိသေးသူ‌တွေ ကျန်ရင် ကိုယ့်အသက် ကိုယ်ကယ်ဖို့ အချိန်မီ ပြည်သူ့ဘက် အမြန်ဆုံး ခိုလှုံကြဖို့ အလေးအနက် တိုက်တွန်းပါကြောင်း။

Friday, April 15, 2022

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကို ကြိုးဆွဲ ကနေသူ

 May be an image of 1 person

 ၁။ အကြမ်းဖက် ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် နောက်ကွယ်က ဒေါက်တိုင်တွေထဲကတစ်ခုအဖြစ် အဓိက ပံ့ပိုးပေးသူတစ်ဦးမှာ "ယခင်အာဏာရှင်ဟောင်းဦးနေဝင်း၏ချွေးမ ဒေါ် ရင်ရင်နွယ်" ဖြစ်ပါတယ်။ အသက်(၇၀)အရွယ် ဦးနေဝင်း၏သား ဖြိုးဝေဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ် ရင်ရင်နွယ်ဟာ ကျိုင်းတုံစော်ဘွား စပ်ဆိုင်ခွန်ရဲ့သမီးဖြစ်ပါတယ်။ 

 
ကောက်ကျစ်တဲ့မျက်လုံး တစ်စုံပိုင်ဆိုင်ထားတဲ့ ဒေါ် ရင်ရင်နွယ်ဟာ ငယ်စဉ်ကတည်းက ရည်မှန်းချက်ကြီးသူ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒဘွဲ့ရခဲ့တဲ့ သူမ ဟာ မဆလခေတ် ဦးနေဝင်းလက်ထက်မှာ နိုင်ငံ တကာထွက်ခွာခွင့်ရဖို့အတွက် ဦးနေဝင်းရဲ့သားဖြစ်သူ ဖြိုးဝေဝင်းကို ချဉ်းကပ်ပြီးရအောင် ယူခဲ့သူ ဖြစ်ပါ တယ်။
 
၂။ ဖြိုးဝေဝင်းကိုရပြီးနောက် သူမသွားချင်တဲ့ ပညာတော်သင် လမ်းကြောင်းအတိုင်း ကိန်းဘရစ်တက္ကသိုလ်၊ လန်ဒန်တက္ကသိုလ်တို့မှ ဘွဲ့တွေ ရရှိခဲ့ပြီးနောက်မြန်မာနိုင်ငံကိုပြန်လာခဲ့ပါတယ်။ 
 
သူမရဲ့ရည်မှန်းချက်က First Lady ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် စန္ဒာဝင်း၊ ကြေးမုံဝင်းတို့ကို မကျော်နိုင်ဘဲ ဦးနေဝင်းရဲ့ ဦးစားပေးမခံရတဲ့ "အိမ်နိမ့်စံ ချွေးမ" အဖြစ်နဲ့သာနေလာခဲ့ရပေမယ့် သူမရဲ့ အကြံအစည် များအတိုင်း ကျိုင်းတုံအခြေပြု ရှမ်းနိုင်ငံတော်တည်ထောင်ဖို့ အိပ်မက်အမြဲမက်နေခဲ့သူပါ။ ဒါကိုသိတဲ့ ဦးနေဝင်းက သူမကိုအမြဲစောင့်ကြည့်နေခဲ့လို့ ဒေါ် ရင်ရင်နွယ်ဟာ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှာ မထင်မရှားဆရာမအဖြစ်နဲ့သာ နေခဲ့ရသူဖြစ်ပါတယ်။
 
၃။ ၈၈အရေးအခင်းပြီးလို့ ဦးနေဝင်းပြုတ်ကျချိန်မှာ လူလည်မ-ဒေါ် ရင်ရင်နွယ်ဟာ နိုင်ငံရေးတွင်မပါဝင် သလိုလို၊ ပညာရှင်လိုလိုဟန်ဆောင်ပြီး ကုလသမဂ္ဂရဲ့ UNICEF မှာ Project officer အဖြစ်သွားရောက် လုပ်ကိုင် ခဲ့ပါ တယ်။ အစပိုင်းမှာ မထင်မရှား နိုင်ငံငယ်လေးတွေမှာလုပ်ကိုင်နေရင်း ၂၀၀၆ မှာတော့ UNICEF ရဲ့တရုတ်ကိုယ်စားပြု Representative ရာထူးကိုရယူနိုင်ခဲ့ပါတယ်။ 
 
အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့ ဒေါ် ရင်ရင်နွယ်ဟာ သူမ၏ ရည်မှန်းချက်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းများစွာကိုချိတ်ဆက် ပြီး အဆက်အသွယ်ကောင်းတွေ ဖန်တီးခဲ့ပါတယ်။
 
 ၂၀၂၁မှာတော့ ဦးစိုးသိန်းထောက်ခံမှုနဲ့ ကမ်းလှမ်းမှုကြောင့် ဒေါ် ရင်ရင်နွယ်ဟာ ရခိုင်စုံစမ်း စစ်ဆေးရေး ကောင်မရှင်မှာ အဖွဲ့ဝင်အဖြစ်နဲ့စတင်လုပ်ကိုင်ပါတော့တယ်။ သူမရဲ့ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ လမ်းစတွေစရလာတဲ့ ဒေါ် ရင်ရင်နွယ်ဟာ နိုင်ငံရေးလောကကို စတင်အခြေချတဲ့ အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) မှာ စတင်ဆောင်ရွက်ပါတော့တယ်။
 
၄။ တကယ်တော့ဒေါ် ရင်ရင်နွယ်ဟာ မြန်မာပြည်ငြိမ်းရေးဆိုတာထက် သူမရဲ့အကျိုးစီးပွားဖြစ်တဲ့ ကျိုင်းတုံ အင်ပါယာ ပြန်လည်တည်ထောင်နိုင်ရေးကိုသာ တစိုက်မတ်မတ်လုပ်ကိုင်လာသူပါ။ 
 
အနောက်နိုင်ငံက မိတ်ဆွေကောင်းအချို့နဲ့ချိတ်ဆက်မှုရှိပြီး ပညာရှင်ဟန်ဆောင်ကာဆက်သွယ်နေပေမဲ့လည်း သူမတကယ် အချိတ်အဆက်အပေးအယူရှိတာက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်အချို့နဲ့ပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်လက်ထပ်မှာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ သူ့ထက်ငါ နိုင်ငံရေးလူစွမ်းကောင်း တွေကြောင့် နေရာမရဘဲ သူမလိုချင်တဲ့အရာကို အကောင်အထည်မဖော်နိုင်သေးပဲ အချိန်အခါကောင်းကို အမြဲစောင့်ဆိုင်း နေခဲ့ပါတယ်။ 
 
၂၀၁၅ခုနှစ် ဦးသိန်းစိန် ပြုတ်ကျပြီးတဲ့နောက်မှာ ဒေါ် ရင်ရင်နွယ် ဟာ နေရာပျောက်နေခဲ့သော်လည်း သူမရဲ့ခြေလှမ်းတွေဟာရပ်တန့်မသွားခဲ့ပါဘူး။ ဒါကြောင့် သူမလိုချင်တဲ့အရာတွေကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် သားကောင် ကိုဆက်လက်ရှာဖွေရင်း "မအူမလည်တပ်ချုပ်ပေါက်စ မင်းအောင်လှိုင်" ကို ပစ်မှတ် အဖြစ် စတင်တွေ့ရှိသွားပါတော့တယ်။ 
 
သို့သော်လည်း ဦးသန်းရွှေ လောင်းရိပ်အောက်မှာရှိနေတဲ့ မင်းအောင်လှိုင်ကို အစပိုင်းမှာ ဒေါ် ရင်ရင်နွယ် ချဉ်းကပ်ဖို့ မရဲခဲ့ပါဘူး။ ယောက္ခမဖြစ်သူဦးနေဝင်းကို ရက်ရက်စက်စက် နှိပ်ကွပ်ပြခဲ့တဲ့ ဦးသန်းရွှေက မင်းအောင်လှိုင်နောက်မှာ အခိုင်အမာရှိနေတာကိုသိတဲ့အတွက် သူမလှုပ်ရှားရင် ဦးသန်းရွှေ ရိပ်မိမှာ စိုးရိမ်နေခဲ့လို့ပါပဲ။ 
 
ဒါကြောင့်ဒေါ် ရင်ရင်နွယ် ဟာ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဗိုလ်ချုပ်ရာပြည့် တို့နှင့်အတူ ငြိမ်းချမ်းရေး လုပ်သလိုလို၊ ပညာရေးအကြံပေးလုပ်သလိုလို နေထိုင်ရင်း အကွက်ပျောက်နေခဲ့ပါတယ်။ တဘက်မှာလည်း မင်းအောင်လှိုင်ကို အကြောင်းအမျိုးမျိုးနဲ့တွေ့ဆုံပြီး နိုင်ငံတကာအရေး၊ အခြား အကြောင်း အရာ တွေကိုပြောပြဆိုပြရင်း တဖြည်းဖြည်းမင်းအောင်လှိုင် အားကိုးလာအောင် စိတ်ရှည်ရှည်နဲ့ သူမစတင် သိမ်းသွင်း ဆောင်ရွက်လာပါတော့တယ်။

Wednesday, April 13, 2022

ဒီတော်လှန်ရေး ရှုံးနိမ့်သွားရင် အားလုံး ခွေးဖြစ်ကြမှာ

 

“ဘူးသီးသီးမှ အရီးမတော်ချင်နဲ့”

နိုင်မယ်ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မယ် ဆိုပြီး ကြိုးစားကြရင်း ဒီအခြေအနေထိ ရောက်လာခဲ့တာ ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ အချက်တွေထဲက တစ်ခုကတော့ ဘူးသီးသီးမှ အရီးတော်သလို မဖြစ်စေရဘူး ဆိုတာပဲ။
 
စကားပုံရဲ့ အဓိပ္ပါယ်ကို ပြောရရင် တစ်ခုခု အောင်မြင်အောင် လုပ်နေတုန်း၊ ကြိုးစားနေတုန်းမှာ ဘယ်ဆီနေမှန်း မသိဘူး၊ ဝင်မပါဘူး၊ ရပ်ကြည့်နေတယ်၊ အောင်မြင်သွားပြီဆိုမှ ကိုယ်နဲ့ ဆိုင်သလိုလို၊ ကိုယ်ပဲ ဝင်ကူခဲ့သလိုလို လုပ်တာမျိုးပေါ့။ ဘဝပျက်နေတုန်းက နှိမ်ခဲ့တယ်၊ သူ့ဟာသူ ကြိုးစားလို့ အောင်မြင်သွားပြီဆိုမှ အဲဒါ ငါ့တူလေ၊ ငါ့ညီမဝမ်းကွဲလေ ထလုပ်ကြသလိုမျိုး။
 
အဲ့တော့ ဒီတော်လှန်ရေးမှာ ငါ ဘယ်တော့မှ အဲ့လိုမဖြစ်စေရဘူးလို့ တွေးထားတယ်။ ဘူးသီးသီးတဲ့ ဖြစ်စဉ်မှာ ငါလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တယ် ဆိုတာမျိုး ဖြစ်စေရမယ်ပေါ့။
 
ကျွန်တော့်အသိတွေ၊ ဆွေမျိုးတွေထဲလည်း ရှိပါတယ်။ လုပ်မနေပါနဲ့၊ နင်တို့ပဲ ဘဝပျက်တာ အဖတ်တင်မယ်၊ နောက်ဆုံးကျ စစ်တပ်ပဲ နိုင်သွားမှာ ဆိုတာမျိုး ပြောနေကြတာ။ ပုစ္ဆာအဟောင်းမို့ အဖြေအဟောင်းပဲ ထွက် မယ် ထင်နေကြတယ်။ တကယ်တော့ မတရား အာဏာသိမ်းခံရတယ် ဆိုတာချင်းသာ တူတာ။ ပုစ္ဆာက အသစ် ဖြစ်သလို၊ အဖြေကလည်း အသစ်ဖြစ်ဖို့ ဦးတည်နေပြီ။ ခြေဗလာ၊ လက်ဗလာနဲ့ စခဲ့တဲ့ တော်လှန်ရေး ဟာ တစ်နှစ် ကျော်ကာလမှာ ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲ စဉ်းစားကြည့်။
 
နိုင်ပါ့မလားဆိုပြီး ဦးနှောက်နဲ့သာ စဉ်းစားခဲ့ကြရင် ဒီနေရာထိ ရောက်မလာပါဘူး။ တူမီးနဲ့ စခဲ့တယ်လို့သာ ပြောကြတာ။ တကယ်တော့ ဒိုင်းကာတွေ၊ Helmet တွေနဲ့ စခဲ့ရတဲ့ တော်လှန်ရေးပါ။ စစချင်းကဆို ဘယ်မလဲ NUG ၊ ဘယ်မလဲ PDF ၊ ဘယ်မလဲ Click လုပ်ပြီး ငွေရှာတာတွေ။ ပြောရရင် နိုင်မယ်ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မယ် ဆိုပြီး ကြိုးစားကြရင်း ဒီအခြေအနေထိ ရောက်လာ ခဲ့တာ ဖြစ်တယ်။
 
အဲ့တော့ အခု ဘူးသီးသီးပြီလားဆို မသီးသေးပါဘူး။ သီးဖို့ အလားအလာတွေ အများကြီး ရှိလာပြီ ဆိုပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်လျှောက်ရမဲ့ ခရီးက မိုင်တိုင်တွေ ကျန်သေးတယ်။ ဒါကြောင့် ခုထိ ဘာမှ ဝင်မပါရ သေးဘူး ဆိုတဲ့သူတွေကို တိုက်တွန်းချင်တာက ဘူးသီးသီးအောင် တစ်ခုခု ဝင်လုပ်ပေးပါ၊ အချိန်မနှောင်း သေးဘူး ဆိုတာပါပဲ။
 
ဒီတော်လှန်ရေး ရှုံးနိမ့်သွားရင် အားလုံး ခွေးဖြစ်ကြမှာပဲဗျာ။ နိုင်သွားရင်လည်း အားလုံး အကျိုးခံစားရမှာပဲ။ ဘာလို့ မဆိုင်သလို ဘေးထွက်ထိုင်ပြီး ကိုယ်ကျိုးပဲ ကြည့်နေမလဲ။
 
ကျွန်တော်ကျင်လည်ခဲ့တဲ့ နယ်ပယ်တွေနဲ့ပဲ ပြောပြမယ်။ Trainer တွေ၊ Public Speaker တွေ ရှိတယ်။ ဆရာတို့၊ ဆရာမတို့ကို လေးစားလှချည်ရဲ့ ဆိုတဲ့ လူငယ်ပေါင်းများစွာ အခု ဒုက္ခရောက်နေတယ်၊ အနာဂတ်တွေ မဲ့နေတယ်။ အင်တိုက်အားတိုက် အသက်ပေးတဲ့သူက ပေးလို့ ကြိုးစားနေကြတယ်။ အဲ့အချိန်မှာ မဆိုင်သလို နေနေပြီး အောင်မြင်သွားတဲ့အခါကျမှ “လူငယ်တွေကို ကျွန်တော်/ ကျွန်မ ပြောပြချင်တာက အိပ်မက် ကြီးကြီးမက်ပါ ကြိုးစားပါ” ဘာညာ စင်ပေါ်တက် ပြောကြဦးမှာလား။ စင်​အောက်က မျက်လုံး​တွေကို စေ့​စေ့ကြည့်ရဲပါ့မလား။ အဲ့လိုပဲ။ စာပေလောက။ စစ်အာဏာရှင်တွေ နိုင်သွားရင် စာပေစိစစ်ရေး ပြန်အသက် ဝင်လာမယ်။ 
 
နောက်ဆက်တွဲ ဘာတွေ ဖြစ်မယ်ဆိုတာကတော့ ကျွန်တော့်လို စာရေးသက် ဘယ်လောက်မှ မရှိသေးတဲ့သူက ဆရာတို့၊ ဆရာမတို့ကို ရှင်းပြနေစရာ လိုမယ် မထင်ဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း စစ်အစိုးရ မကောင်း ကြောင်း၊ ဗိုလ်ချုပ်နဲ့ အန်တီစု ကောင်းကြောင်း စာပေဟောပြောပွဲတွေမှာ မပြောဖူးတဲ့ စာရေးဆရာဆိုတာ လက်ချိုး ရေလို့တောင် ရတယ်။ 
 
အခုလည်း ဆရာမောင်သာချိုတို့လို စာရေးဆရာကြီးတွေဟာ မတရား ဖမ်းဆီးခံထားရတယ်။ ဒီလိုအချိန်မှာ ကိုယ်တွေလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်သင့်တယ် မထင်ဘူးလား။ နောင်တစ်ချိန် ကိုယ် တစ်ပြား သားမှ ဝင်မပါခဲ့ဘဲ ရလာတဲ့ လွတ်လပ်စွာ ဖန်တီးရေးသားခွင့်တွေနဲ့ ရေးသားရမှာ၊ စာအုပ် ထုတ်ရ မှာကို အားနာစိတ် မဖြစ်ဘူးလား။
 
စွန့်ဦးတီထွင် ဆိုသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ နောင်ကျမှ ပွဲတွေ လုပ်၊ NUG က ဝန်ကြီးနဲ့ မရမက အတင်းတွေ ဓါတ်ပုံတွဲရိုက်ပြီး Personal Branding တွေ လုပ်မဲ့အစား ခုကတည်းက ဝင်ကူညီတာ ပိုကောင်း တာပေါ့။ အနုပညာရှင်တွေ၊ Social Influencer ​တွေ၊ Blogger ​တွေ၊ တခြားတခြားသော နယ်ပယ်က လူပုဂ္ဂိုလ် အသီးသီးလည်း စဉ်းစားကြည့်။
 
ဘူးသီးသီးတော့မှာမို့လို့ လူဆဲမခံရအောင် အချိန်မီ ဝင်ပါကြဖို့ ပြောနေတာ မဟုတ်ဘူး။ ငါတို့က နိုင်ခြေပိုရှိလို့ ဒီဘက်ကို ယိမ်းဖို့ ဆွယ်နေတာလည်း မဟုတ်ဘူး။ အပေါ်မှာ ရေးခဲ့သလို ဒီတော်လှန်ရေးက ဦးနှောက်နဲ့ တွက်ချက်စဉ်းစားခဲ့သူတွေချည်းသာဆို ဖြစ်လာစရာ အကြောင်းကို မရှိသလို၊ အဲ့လို လူတွေကိုလည်း မလို အပ်ဘူး။ ဘွန်းဝယ်ပါဆို NUG မနိုင်ရင် ဆုံးမှာ​ပေါ့ ပြန်​ပြောတဲ့သူ​တွေကိုလည်း ကျွန်​တော်တို့ မလိုချင်ဘူး။
အဓိကက ရှက်တတ်စေချင်တာ။ တာဝန်ယူတတ်စေချင်တာ။ ထမင်းစားရေသောက်လို ပြောနေတဲ့ Responsibility တို့ Ethic တို့ကို ကိုယ်တိုင်လက်တွေ့ ကျင့်သုံးစေချင်တာ။
 
ပြည်တွင်းပြည်ပ တောရောမြို့ပါမကျန် တခြားလူတွေက တာဝန်ကိုယ်စီယူပြီး အင်တိုက်အားတိုက်နဲ့ ကြိုးစားနေချိန်မှာ မဆိုင်သလို ဘေးထွက်ထိုင်နေတာကို ရှက်တတ်စေချင်တယ်။ အသီးအပွင့် ရလာပြီဆိုမှ ဝင်ခံစားမယ် ဆိုတာကြီးကို အားနာတတ်စေချင်တယ်။ ဘူးသီးသီးမှ အရီးတော်ရတာကြီးကို လိပ်ပြာမလုံ ဖြစ်စေချင်တယ်။ ဒါမှလည်း လူပီသမှာကိုး။
 
ဘယ်လိုရလဒ် ထွက်လာမယ် ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးဘူး။ ပြောခဲ့ပြီးသလို “ကျွန်တော်တို့က နိုင်မယ် ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မှာ” ။ ဒီအတွက် ဦးနှောက်နဲ့ အကျိုး အမြတ် တွက်ချက်စဉ်းစားနေတဲ့သူတွေထက် နှလုံးသားနဲ့ တိုက်မဲ့လူတွေ လိုတယ်။ တစ်နည်းအားဖြင့် ရှက်တတ်တဲ့၊ အားနာတတ်တဲ့၊ တာဝန်ယူတတ်တဲ့သူတွေ လိုပါတယ်။
 
ဒါကြောင့် ဘူးသီးသီးမှ အရီးမတော်ချင်ပါနဲ့ခင်ဗျာ။ ဘူးသီးသီးလာဖို့ အားလုံးဝိုင်းကြိုးစားနေချိန်မှာ အတူပါဝင် ပေးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ (ဒေါက်တာ ဖြိုးသီဟ)

SPRING REVOLUTION HERO PHYU PHYU

May be a close-up of 1 person

 

စာအရှည်ကြီးပါ။ အလုပ်တွေပြန်လုပ်တော့မယ့်အကြောင်းမဟုတ်လို့ ရဲရဲဆက်ဖတ်နိုင်ပါတယ်။
 
#ဧပြီလ ၁၃ ရက်...မနှစ်ကဒီနေ့။
၅၀၅ ပါတဲ့နေ့ပေါ့။
ည ၈ နာရီသတင်းမှာ ကြေညာသွားတာမသိလိုက်ဘူး။ သံပုံးကို ၁၅ မိနစ် ပြည့်အောင်တီးနေတာ။ ပြီးမှ ဖုန်းကြည့် မိတော့ missed call တွေ၊ message တွေ အများကြီးနဲ့ လှမ်းပြောထားကြတာ။
 
ဒါနဲ့ အဆင်သင့်ပြင်ထားတာ ၁၀ ရက်လောက်ရှိပြီဖြစ်တဲ့ ကျောပိုးအိတ် လေးရယ်၊ လက်ဆွဲအိတ်တစ်လုံးရယ်၊ အမေ့ဆေးဖိုးအတွက် မနက်က ATM မှာတန်းစီထုတ်လာတဲ့ ပိုက်ဆံထဲက ဆေးဝယ်ပြီးကျန်တာရယ် (အမေက အကုန်ယူသွားလိုက်ပါသမီးရယ်၊ အမေနောက်မှ ကြည့်စီစဉ် မယ်ဆိုတော့ အားနာနာနဲ့ပေါ့) ယူလာခဲ့တယ်။
 
ပြေးဖို့အိတ်က ဘာလို့ ကြိုပြင်ထားရလဲဆိုရင်...ခု လူတွေပြောပြော နေသလိုပဲ...ကိုယ့်ဝမ်းနာကိုယ်သာသိမို့လို့။ ကိုယ်ဆိုသည်မှာ မုန့်‌ဝေ ရင်သာ မရတာ၊ တုတ်ဆိုလို့ကတော့ ထိပ်ဆုံးကရအောင် အရောက်ပို့ ခံနေရကျ။ ဆိုင်ရာပိုင်ရာအသိုင်းအဝိုင်း‌ကျောထောက်နောက်ခံလည်း မရှိတော့ တစ်ခုခုဆို ကားခနဲ မိနေကျ။
 
အတော်ပဲ... ပြင်ထားတဲ့ အထုပ်လေးဆွဲပြီး မနက် curfew ရုပ်တဲ့အချိန် လာခေါ်ပေးတဲ့ သူငယ်ချင်း ကားပေါ် တက်လိုက်လာခဲ့တာ နောက်ထက် လပေါင်းများစွာ။ အမေနဲ့အဖေနဲ့၊ အိမ်နဲ့ ဝေးရာဆီပေါ့...။
 
#ဧပြီလ ၁၄ ရက်။
အဲ့ဒီအချိန်က အဖမ်းအဆီးကလည်းအရမ်းကြမ်း။မိဘမတွေ့ သားသမီး၊ သားသမီးမတွေ့ မိဘ ဖြစ်နေတဲ့အချိန် ဆိုတော့...သူငယ်ချင်းအိမ်မှာ အထုပ်ချပြီးတာနဲ့ လူမမာမိဘနှစ်ပါး ရှောင်ဖို့စီစဉ်ရတော့တာ။ အဖေ က Alzheimer နောက်ဆုံးအဆင့်။ စကားလည်း မပြောတတ်တော့ဘူး၊ ထမင်းလည်းမစားတတ်တော့ဘူး၊ ကလေး လေးလို diaper တပ်ထားရတာ၊ လမ်းတောင် အနိုင်နိုင်လျှောက်ရတာ။ 
 
ကိုယ့်ကိုတောင် မှတ်မိတချက်၊ မမှတ် မိတချက်။ အဲ့ဒါကို နှလုံးရော၊ ဒူးနှစ်ဘက်လုံးရောခွဲထားတဲ့ အမေက ကြည့်နေရတာ။ သူတို့နေ့စဉ် သောက် နေကျ  ဆေးတွေက ကိုယ်တိုင် ဆေးခွက်လေးတွေထဲ တစ်လစာ  အမြဲထည့်ထည့်ပေးထားရတာ။ 
 
အဲ့ဒီလို လူအိုလူနာ နှစ်ယောက်၊ ဝရမ်းပြေးရဲ့ မိဘတွေကို လက်ခံပေးထား ခဲ့တဲ့ မိတ်ဆွေကောင်းတွေ ရှိတာ လည်း ကြီးမားတဲ့ မင်္ဂလာတစ်ပါးပါ။ ကိုယ်မရှိတာတောင် ဆက်နေပေးပြီး ကိုယ့်မိဘ နှစ်ပါးကို ပြုစုပေးခဲ့တဲ့ ကိုယ့်တပည့်မလေးလည်း ကျေးဇူးပါ။
 
#ဧပြီလ ၁၆ ရက်။
အပြင်မှာဘာတွေ ဖြစ်နေမှန်းမသိတော့ဘူး။
digital security အတွက် phone ပြောင်း ၊ social media တွေကပါ အောက်ထားလိုက်တာ။ ကိုယ်ပုန်းတဲ့ အိမ်ရဲ့ ဝရံတာ ထွက်ဖို့မပြောနဲ့...ပြတင်းပေါက်နားတောင်မရပ်ရဲဘူး။ ကိုယ့်ရုပ်၊ ကိုယ့် အသံ ဆိုတာကလည်း စက္ကန့် ၃၀ အတွင်း အလွယ်တကူ မှတ်မိ နိုင်သော လေ။ ဒါပြီး ဘယ်ဆက်ပြေးရမှန်းလည်းမသိ။
 
အဲ့ဒီလိုနဲ့‌...ခွေးနေရာမရဖြစ်နေတဲ့အချိန်၊ အပြင်က သတင်းကြား ပါလေရော။ ဖြူဖြူကျော်သိန်းက သကြန် မဏ္ဍပ်မှာ သီချင်းသွားဆိုလို့ ဆိုပြီး ဝိုင်းရှုံ့ချနေကြတယ်တဲ့။ ဘာအထောက်အထားမှမရှိ၊ ဘာဓါတ်ပုံ video မှမပါ။ အဲ့လိုသတင်းတုကို အဲ့လောက်လွယ်လွယ်ယုံကြသလားပေါ့။ 
 
ဒီရုပ်ဒီရည်ဒီအသံဟာ ကြာကြာလိမ်လို့ရတာမှ မဟုတ်တာလေ။ တကယ်ကို ဆွံ့အပါတယ်။ ‌‌Way Way Nay ဆို တဲ့ application ထဲပါကောက်ထည့်လိုက်တာတဲ့။ ဪ...ကိုယ်ဆိုတဲ့ figure ဟာ၊ ဟုတ်မဟုတ် verification လုပ်ဖို့ ဘာများခက်နေကြလို့လဲ? ရန်သူရဲ့ လက်နက်ထက် မိတ်ဆွေထိုးတဲ့ နောက်ကျောကဓါးဟာ ပိုနက်တယ် ဆိုတာ အဲ့လိုမျိုး။ ပညာတွေလည်းရပါတယ်။ social media ပေါ်လည်း တက်မဖြေရှင်းနိုင်ဘူး၊ security ပေါက် မစိုးလို့ရယ်။ နောက် အရမ်းစိတ်ပျက်သွားခဲ့လို့ရယ်.....။
 
ကိုယ်နေတဲ့ အရပ်ဒေသဟာ လူတွေရဲ့ သမိုင်းပထဝီ ရပ်တည်မှူ ဆိုတာ တွေကို တစ်စက်ကလေးမှ ထည့်သွင်းစဉ်းစားလေ့မရှိပါလားလို့ရယ်....။
 
#ဧပြီလ ၂၁ ရက်...မွေးနေ့မတိုင်ခင်ည။
ကိုယ့် location ကို ဒလံ ဆိုပြီးနာမည်ကြီးနေတဲ့သူ သိသွားပုံရတယ်လို့ ကိုယ့်အိမ်ရှင်က ပြောလာတယ်။ နောက်ထပ် location တစ်ခု အမြန် ရှာပေတော့ပေါ့။ အင်း...အိမ်ပေါ်ကအိမ်အောက်ဆင်းပြီး location ပြောင်းရတဲ့အချိန်...ရုပ်ဖျက်ပြီး အကြီမ်ကြိမ် ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြည့်... "ငါ ဖြူဖြူကျော်သိန်းနဲ့တူနေသေးလား"လို့ ...ဘယ်လောက် ကမ္ဘာတွေ ပျက်လဲဆိုတာ တကယ်ပြေးဖူးမှပဲ သိလိမ့်မယ်။ 
 
အဲ့ဒီလိုနဲ့ ၅၀၅ က ပြန်လွတ်တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ထိ ဝရမ်းပြေး ကာလ ၆ လကျော်အတွင်း မှာ location အကြိမ်ကြိမ်ပြောင်းရင်း၊ မိတ်ဆွေသစ်တွေလည်း သိခွင့်ဆုံခွင့်ရခဲ့တယ်။ တခါမှမသိဖူးပေမယ့် risk ယူပြီး နေရာထိုင်ခင်းပေးခဲ့သူတွေကိုလည်း ထာဝရ ကျေးဇူးတင် မှတ်မိ နေပါမယ်။ ခုချိန် ထုတ်ဖော် မရေးသား နိုင်ပေမယ့် အမြဲသတိရ ဆုတောင်း ပေးနေပါတယ်။
 
ဒီထက်ပိုပြီး အကျယ်ချဲ့ကျေးဇူးတင်လိုပေမယ့်၊ကူညီပေးခဲ့သူတွေရဲ့ လုံခြုံရေးအတွက်၊ အတိုချုံ့လေးပဲရေးပြရတာ နားလည်ပေးပါနော်။
ပြေးရင်း လွှားရင်း သိဖူးမြင်ဖူးခဲ့သူတွေလည်း ကျေးဇူးပြုပြီး မသိခဲ့ သလို လေးပဲ ဆက်နေပေးပြီး ကူညီပေးပါလို့။
 
#ဧပြီလ ၂၂ ရက်။
အသက် ၄၀ ပြည့်တဲ့ညကို "ငါဒီည အဖမ်းခံရတော့မလား" ဆိုတဲ့ စိတ်ကြီး နဲ့ ဖြတ်သန်းခဲ့ရတယ်။ ဘဝစတယ်လို့ဆိုကြတဲ့ အသက် ပေါ့လေ...။ ဟုတ်မှာပေါ့...ဘဝအစဆိုတော့ ကျောပိုးအိတ် တစ်လုံး၊ ဂစ်တာတစ်လက် ကလွဲ ဘာမှပါမလာခဲ့ဘူး...။
 
#ခုလက်ရှိ...။
ကိုယ်လွတ်လပ်ခွင့်ရပေမယ့်...ဘာလေးပဲလုပ်ရ၊ စားရ၊ သွားရ... ကိုယ်နဲ့ ဘဝတူ ပြေးခဲ့ရဖူးသူတွေ၊ ပြေးနေရဆဲလူတွေ၊ ကိုယ့်ထက်အဆမတန် ပိုခက်ခဲနေရတဲ့သူတွေကိုပဲ ပြေးမြင်မိတယ်။ အားလုံးအတွက် တစ်ရက် မပျက် သတိရဆုတောင်းပေးနေပါတယ်🙏 ။ It will never be the same again. Crd: Fb copy)

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...